ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ထဲက လိုင်ဇာဌာနချုပ် အနီးပတ်ဝန်းကျင်က နမ်ဆန်ယန် စစ်မြေပြင် မဒီးယန်နားမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တို့ ဇူလိုင် ၁၂ ရက် မနက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဝိုင်းမော်-နမ်ဆန်ယန် လမ်းမပေါ်က ဂျာပူကျေးရွာမှာ မြစ်ကြီးနားဘက်ကနေ နမ်ဆန်ယန်ကို ဦးတည်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဇူလိုင် ၁၂ ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင်လောက်မှာ ကချင်လွတ်မြောက်ရေးတပ်မတော်က ဟန့်တားတိုက်ခိုက်ခဲ့ရာက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
“မနက် ၁၀ နာရီဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်တယ် ကြားတယ်၊ အဲဒီ ဂျာပူရွာပေါ့။ ဂျာပူဘက် ပြည်သူတချို့ ရွာပြန်ပြီး တောင်ယာတွေ၊ လယ်ယာတွေ လုပ်နေတာရှိတယ်။ သူတို့ပြောခဲ့တာ မနက် ၁၀ နာရီလောက် တိုက်ပွဲဖြစ်နေတယ်ဆိုပြီး၊ သူတို့တောင် ကွေ့ပတ်ပြီး စခန်းကို ပြန်လာရတာ” လို့ ဝိုင်းမော်မြို့နယ်က စစ်ရှောင်စခန်းမှာ တိမ်းရှောင်နေတဲ့ ဂျာပူကျေးရွာနေ ပြည်သူတဦးက ပြောပါတယ်။
နမ်ဆန်ယန်ကျေးရွာနားက မဒီးယန်ပတ်ဝန်းကျင်မှာလည်း ဇူလိုင် ၁၂ ရက် မနက်ပိုင်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို ညနေပိုင်းမှာတော့ နှစ်ဖက်တပ်ဖွဲ့တွေ လက်နက်ကြီးနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကနေ သိရပါတယ်။
ဇူလိုင် ၁၁ ရက် ညနေ ၃ နာရီလောက်ကလည်း ဗန်းမော်မြို့ဘက်ကနေ နမ်ဆန်ယန်ဘက်ကို ဦးတည်လာတဲ့ စစ်ကောင်စီတပ် ရိက္ခာတင်ကားကို ဒေါ့ဖုန်းယန်မြို့နယ် နွမ်လန်နဲ့ အူထန်ယန်ကြားက ရာဘာခြံနားမှာ ကေအိုင်အေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေ လိုင်ဇာဌာနချုပ်အနီး နမ်ယန်ဆန်ပတ်ဝန်းကျင်ကို ဇူလိုင် ၃ ရက်က စတင်ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ဒေသခံတွေ ဝိုင်းမော်မြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပြီး နေ့စဉ်လိုလို ဗန်းမော်မြို့နဲ့ မြစ်ကြီးနားမြို့ဘက်ကနေ စစ်အင်အားတွေ ပို့ဆောင်နေတယ်လို့ ဆိုပါတယ်။
နမ်ဆန်ယန်မှာဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။
ကချင်ပြည်နယ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၉၊ တပ်ရင်း ၄၄ ဒေသ ကားမိုင်းနဲ့ လဝါကြားမှာလည်း ဇူလိုင် ၁၂ ရက်က ကေအိုင်အေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။