တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်နဲ့ ရေဖြူမြို့နယ်က ကျေးရွာတွေကို ဇူလိုင် ၁၁ ရက်နဲ့ ၁၂ ရက်တွေမှာ စစ်ကောင်စီက စတင်စစ်ကြောင်းထိုးခဲ့တာကြောင့် ရွာသားတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၁၂ ရက် မနက်မှာ ထားဝယ်မြို့ဘက်ကနေ လောင်းလုံးမြို့နယ်ကို ဖြတ်ပြီး ထားဝယ်မြစ် အနောက်ဘက်ကမ်း လမ်းအတိုင်း ရေဖြူမြို့ဘက်ကို ဦးတည်လာတဲ့ စစ်ကောင်စီကား ၄ စီးပါ ယာဥ်တန်းနဲ့လာတဲ့ စစ်ကြောင်းဟာ လောင်းလုံးမြို့နယ် နခံတောရွာနဲ့ ခမောင်းတောင်ရွာမှာ ဇူလိုင် ၁၂ ရက် ညအထိ ရှိနေပြီး လက်နက်ကြီး ပစ်ခတ်တာနဲ့ နေအိမ်တွေကို မီးရှို့တာတွေ လုပ်ဆောင်နေပါတယ်။
လက်နက်ကြီးပစ်ခတ်မှုကြောင့် ခမောင်းတောင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၁၈ နှစ်အရွယ် မယဥ်မာထွေး (ခ) မမီးငယ် ဒဏ်ရာရခဲ့ပြီး အဲဒီဒဏ်ရာနဲ့ပဲ ဇူလိုင် ၁၂ ရက် ညနေမှာ ကွယ်လွန်ခဲ့ပါတယ်။
ခမောင်းတောင်ကျေးရွာက နေအိမ်သုံးလုံးကိုလည်း ဇူလိုင် ၁၂ ရက် ညနေမှာ စစ်ကောင်စီတပ်က မီးတင်ရှို့ခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။
နခံတောရွာသားတဦးက “နခံတောနဲ့ ခမောင်းတောင်က ရွာသားတွေက ရှောင်နေရတယ်။ ဘုရားတောင်ကနေ လက်နက်ကြီးပစ်သံတွေက ညနေအထိ ဆက်ကြားနေရသေးတယ်။ စစ်သားတွေလည်း မပြန်သေးဘူး” လို့ ပြောပါတယ်။
ဇူလိုင် ၁၁ ရက် မနက်ပိုင်းကလည်း ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ ရေနက်ဆိပ်ကမ်း ဧရိယာမှာ ပါဝင်တဲ့ ကျေးရွာတွေကို စစ်ကောင်စီက အင်အား ၁၀၀ နီးပါးနဲ့ စစ်ကြောင်း စထိုးလာတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
အဲဒီဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မြေတင်ကားတစီး အပါအဝင် ကား ၄ စီးနဲ့ အင်အား ၁၀၀ နီးပါးရှိပြီး နဘုလယ်ဒေသ ကမ်းတံတား (ဒေသအခေါ် ရှမ်းတံတား) မှာ မိုင်းဆွဲခံခဲ့ရပြီး ဇူလိုင် ၁၂ ရက်နေ့မှာတော့ နဘုလယ် ရေနက်ဆိပ်ကမ်း ရဲစခန်းကို ရောက်ရှိနေပါတယ်။
“ကား ၄ စီးကို မိုင်းဆွဲတာ ကားတစီးကတော့ ချက်ကောင်းထိပြီး ပျက်သွားတယ်။ ထိခိုက်မှုလည်း ရှိနိုင်ပါတယ်။ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး ဆုတ်လာနိုင်ခဲ့တယ်။ သူတို့လည်း (စစ်ကောင်စီ) ရေနက်ဆိပ်ကမ်းဘက်ကို ဆက်သွားလိုက်တယ်။ မနေ့က ဇူလိုင်လ ၁၂ ကတော့ ထိတွေ့တိုက်ပွဲ မရှိခဲ့ဘူး။ အားလုံးကတော့ အသင့်အနေအထားမှာ ရှိနေပါတယ်” လို့ ရေဖြူမြို့နယ်က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တခုဖြစ်တဲ့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ် (TPDF) ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီစစ်ကြောင်း ဝင်ရောက်နေတာကြောင့် ရေနက်ဆိပ်ကမ်းဧရိယာက ရွာစဥ်တလျှောက် ရွာသားတွေ စစ်ရှောင်နေရတယ်လို့ သိရပါတယ်။
ဇွန်လ နောက်ဆုံးအပတ်က ရေဖြူမြို့မရဲစခန်း ဒရုန်းနဲ့ ဗုံးသီးချခံရပြီးနောက်မှာလည်း စစ်ကောင်စီက ထားဝယ်မြစ်အနောက်ဘက်ကမ်းရှိ ရေဖြူမြို့နယ်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုကြောင့် ရေဖြူမြို့နယ် ပုဂေါဇွန်းကျေးရွာအတွင်း လက်နက်ကြီးကျခဲ့ကာ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်က ဇူလိုင်လဆန်းပိုင်းမှာ အခုလို စစ်ကြောင်းထိုးလာတာကြောင့် ရေဖြူမြို့နယ်နဲ့ လောင်းလုံးမြို့နယ်က ကျေးရွာ ၁၀ ရွာကျော်က ရွာသားတွေ နေရပ်စွန့်ခွာ စစ်ရှောင်နေရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၆ ရက်ကတည်းက သရက်ချောင်းမြို့နယ်၊ ရငဲတိုက်နယ်ကို စတင်ဝင်ရောက်လာပြီး နယ်မြေရှင်းလင်းရေးခေါင်းစဥ် အသုံးပြုကာ မီးရှို့ဖျက်ဆီးတာနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ပြုလုပ်ပြီး ဇူလိုင်လဆန်းပိုင်းအထိ ရငဲရွာမှာ ဆက်ရှိနေတဲ့ စစ်ကောင်စီတပ်ကြောင့် သရက်ချောင်းမြို့နယ် ရငဲတိုက်နယ်က ကျေးရွာ ၆ ရွာထက်မနည်း နေရပ်စွန့်ခွာနေရပြီး ရွာသားတွေ အိမ်မပြန်နိုင်တာ တလကျော်နေပြီ ဖြစ်ပါတယ်။