ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့အရှေ့ဘက် ဟိုပုံး-တောင်ကြီးကားလမ်းမပေါ် နေမင်းရောင် တိုးဂိတ်အနီးမှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်က ခရီးသွားပြည်သူတွေနဲ့ ကားသမားတွေထံက ပစ္စည်းတွေယူတာနဲ့ ငွေညှစ်တာတွေရှိနေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
ခရီးသည်တွေ ဝယ်လာတဲ့ စားသောက်စရာပစ္စည်းတွေ သိမ်းယူတာ၊ ကားပေါ်ပါလာတဲ့ ပစ္စည်းတွေကို မွှေနှောက်ရှာဖွေတာ၊ ဆန်အိတ်၊ မြေဩဇာအိတ်တွေကအစ ဖွင့်ဖောက် စစ်ဆေးတာတွေ ရှိတယ်လို့ သိရပါတယ်။
ဆီဆိုင်-တောင်ကြီး ခရီးသည်တင်ကား ယာဉ်မောင်းတဦးက “တချို့ပစ္စည်းတွေက ကျနော်ကိုယ်တိုင် သွားဝယ်ပြီး ကားပေါ်တင်တယ်။ အဲ့နေ့ကဆို မြေဩဇာအိတ်ကို သူတို့ မယုံလို့ဆိုပြီး ဓားနဲ့ခွဲမယ်လုပ်တော့ ကျနော် အဝယ်ဘောင်ချာကို ပြတယ်၊ ဆိုင်ကိုလည်း ဖုန်းဆက်ပြတယ်ဗျာ။ ဒါပေမဲ့ သူတို့ကိုယ်တိုင် စစ်ဆေးချင်တယ်ပြောပြီး အိတ်ကို နှစ်ခြမ်းခွဲပစ်လိုက်တယ်။ မြေဩဇာတွေ ထွက်ကျလာတော့ ကောက်မရ၊ သိမ်းမရဗျာ။ အိတ်တိုင်းကို အဲ့လိုခွဲပစ်တာ၊ စိတ်တိုတာလည်း မပြောနဲ့၊ ပြီးရင် ကျနော်ပဲ လျော်ရတာ” လို့ ပြောပါတယ်။
ကားပေါ်လိုက်ပါလာတဲ့ ခရီးသည်တွေကိုလည်း မှတ်ပုံတင်၊ ကိုဗစ်ဆေးထောက်ခံစာတွေ စစ်ဆေးပြီး အမျိုးသမီးတွေကိုလည်း ထိကပါးရိကပါး ပြောဆိုဆက်ဆံတာတွေ ရှိတယ်လို့ သိရပါတယ်။
ခရီးသည် အမျိုးသမီးတဦးကလည်း “ကျမတို့ကားထဲပါလာတဲ့ အစ်မတယောက်က ဘဲကင်နှစ်ကောင် ဝယ်လာတာ။ အဲ့ဒါ စစ်သားတွေက မှတ်ပုံတင်စစ်ရင်းနဲ့ တွေ့တော့ တကောင်လောက် မကျွေးချင်ဘူးလားလို့ ပြောတယ်။ အဲ့အစ်မက သူများမှာတာလို့ပြောတော့ ဘဲကင်နှစ်ကောင်လုံး ယူသွားပစ်လိုက်တယ်” လို့ ပြောပါတယ်။
လုံခြုံရေးအကြောင်းပြပြီး စစ်တပ်နဲ့ ရဲတွေက ခရီးသွားပြည်သူတွေဆီကနေ နည်းမျိုးစုံနဲ့ ငွေတောင်းတာတွေလည်း ရှိနေပြီး မှတ်ပုံတင်မရှိတဲ့ ဒေသခံတချို့ကတော့ ခရီးသွားလာရေးတွေမှာ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။
တောင်ကြီးမြို့အရှေ့ဘက် TBC အနီးက စစ်ဆေးရေးဂိတ်နဲ့ နေမင်းရောင် တိုးဂိတ်အနီးက စစ်ကောင်စီ စစ်ဆေးရေးဂိတ် နှစ်ခုရှိပြီး ဂိတ်တိုင်းမှာလည်း စစ်ကောင်စီတပ်သား ၂၀ ကျော်နဲ့ ရဲတချို့က နေ့စဉ် စောင့်ကြပ်စစ်ဆေးနေပါတယ်။