မြောက်ကိုရီးယားရဲ့ ဇူလိုင် ၁၂ ရက် မနက်က ဒုံးကျည်ပစ်လွှတ်မှုကို ရှုတ်ချကြောင်းနဲ့ ဒီလုပ်ရပ်ဟာ ဒေသတွင်းနဲ့ နိုင်ငံတကာ အသိုက်အဝန်းရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေပြီး လုံးဝ လက်မခံနိုင်ကြောင်း ဂျပန်အစိုးရအဖွဲ့ရဲ့ ထိပ်တန်းပြောခွင့်ရပုဂ္ဂိုလ် ဟိရိုကာဇု မတ်ဆုနိုက ဒီနေ့ပြုလုပ်တဲ့ တိုကျိုမြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီမနက်ပိုင်းက ပစ်လွှတ်ခဲ့မှုဟာ ဂြိုဟ်တုလွှတ်တင်တာ မဟုတ်ဘဲ တာဝေးပစ်ဒုံးကျည်ဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ ကာကွယ်ရေးဝန်ကြီးဌာနက ခွဲခြမ်းစိတ်ဖြာ နေကြောင်းလည်း ဂျပန်ကက်ဘိနက်အကြီးအကဲ အတွင်းရေးမှူး မတ်ဆုနိုက ပြောပါတယ်။
ဒီကိစ္စအတွက် ဂျပန်နိုင်ငံဟာ ပေကျင်းရှိ သံတမန်လမ်းကြောင်းတွေကတဆင့် မြောက်ကိုရီးယားကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) ဟာ လေထဲမှာ ၇၄ မိနစ်လောက် ပျံသန်းခဲ့ပြီး ဂျပန်ပင်လယ်ထဲကို မကျရောက်ခင် အမြင့်ဆုံး အမြင့်ပေ ကီလိုမီတာ ၆,၀၀၀ အထိ ရောက်ရှိခဲ့ကြောင်းလည်း မတ်ဆုနိုက ဆိုပါတယ်။
ဒုံးကျည်ဟာ မနက် ၁၁ နာရီ ၁၃ မိနစ်မှာ ဂျပန်နိုင်ငံ မြောက်ဘက်စွန်းက ဟော့ကိုင်းဒိုးကျွန်းကြီးရဲ့ အိုရှိရိကျွန်း အနောက်ဘက် ၂၅၀ ကီလိုမီတာအထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ သူ့ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းကနေ တာဝေးပစ်ဒုံးကျည်တစင်း ပစ်လွှတ်မှုဟာ အခုနှစ်မှာ ၁၂ ကြိမ်မြောက်ဖြစ်ပြီး နောက်ဆုံးပစ်လွှတ်ခဲ့မှုနဲ့ အချိန် ၁ လလောက်ပဲ ကွာမယ်လို့လည်း တောင်ကိုရီးယားစစ်တပ်က ဒီနေ့အစောပိုင်းမှာ ပြောခဲ့ပါတယ်။
Source - Reuters