တနင်္သာရီတိုင်း၊ ထားဝယ်-မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးတလျှောက်မှာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေက ခရီးသွားပြည်သူတွေဆီက တရားမဝင် ငွေကြေးတောင်းယူတာတွေ ရှိနေတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။
ခရီးသည်တဦးက “ခရီးတခါသွားရင် ပြည်ထောင်စုလမ်းမကြီးတလျှောက်မှာရှိတဲ့ စကစ စစ်ဆေးရေးဂိတ်တွေကို ပိုက်ဆံပေးရတာ။ တနင်္သာရီတိုင်းဘက်ကို ၆/နဲ့လွဲပြီး တခြားမှတ်ပုံတင်နဲ့လာရင် စစ်ဆေးရေး ဂိတ်တွေမှာ တော်တော်အရစ်ခံထိတာ။ ကျနော့်အသိတယောက်ဆို ရန်ကုန်ကနေလာတာ အဲလိုအရစ်ခံထိတော့ ပိုက်ဆံ ၅ သောင်း ပေးလိုက်ရတယ်။ မြန်မာနိုင်ငံသား မှတ်ပုံတင်ကတ်ရှိပြီး မြန်မာနိုင်ငံအတွင်း လွတ်လွတ်လပ်လပ် သွားမရတာ အဆင်မပြေဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာ ဂိတ်ကြေးကို ခရီးသည်တွေအပြင် ကုန်တင်ကား၊ ခရီသည်တင်ကားတွေပါမကျန် ပေးရပြီး အခုလိုမျိုး ငွေကြေးတောင်းယူနေတာ ၇ လနီးပါးခန့် ကြာမြင့်နေပြီလို့ ခရီးသည်တဦးက ပြောပါတယ်။
မြိတ်-ထားဝယ် ကားလက်မှတ်ပေါက်ဈေးမှာ ၁ သောင်းကျပ်မှ ၂ သောင်းခွဲကြားရှိပြီး မြိတ်-ကော့သောင်း ကားလက်မှတ်ပေါက်ဈေးမှာ ၃ သောင်းခွဲမှ ၄ သောင်းကျပ်အထိ ရှိပါတယ်။
ထားဝယ်-မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးတလျှောက်မှာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကြီး ဂိတ်ငယ် ၃၀ နီးပါးရှိပြီး တဂိတ်ကို ၃ ထောင်မှ ၁ သောင်းခွဲအထိ ဂိတ်ပေါ်မူတည်ပြီး ပိုက်ဆံပေးနေရတယ်လို့ ကားသမားတွေက ပြောပါတယ်။
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ချောင်းကဖက်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
ဇူလိုင် ၉ ရက်နေ့ မနက်အစောပိုင်းက ဘုတ်ပြင်းမြို့နယ်၊ ချောင်းကဖက်ကျေးရွာဘက်ကို အင်အား ၁၀၀ လောက်ပါ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ ဒေသတွင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ညနေ ၃ နာရီ မိနစ် ၃၀ လောက်မှာ စစ်ကောင်စီတပ်ကနေပြီးတော့ ချောင်းကဖက်ကျေးရွာက နေအိမ် ၃ လုံး၊ ဆိုင်ကယ် ၄ စီးနဲ့ ဓာတ်ဆီပေပါ ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဘုတ်ပြင်းပြည်သူ့ကာကွယ်ရေးအဖွဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
"မီးရှို့ခံရတဲ့အိမ်တွေမှာ ငှက်ခေါ်တဲ့အိမ်ကြီး ၁ လုံးလည်းပါတယ်။ ရွာသားတချို့လည်း အဖမ်းခံရတယ်။ ဆက်လက်ပြီးတော့ စုံစမ်းနေပါတယ်။”
အဆိုပါကျေးရွာမှာ ဘုတ်ပြင်းမြို့နယ်နဲ့ ပြည်ကြီးမဏ္ဍိုင် ကြားမှာတည်ရှိပြီး နှစ်ဖက်ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြပြီး စစ်ကောင်စီတပ်ကနေ ရွာသားတချို့ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ မသိရှိရသေးဘူးလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ဇူလိုင် ၃ ရက်နေ့ကလည်း ဘုတ်ပြင်းမြို့နယ်၊ ချောင်းမွန်ကျေးရွာအလွန်(ဒေသအခေါ်) R zero ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုကြား တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး လက်နက် ၃ လက်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။