အီရန်နိုင်ငံဟာ အမျိုးသမီးတွေ ဘောလုံးပွဲတွေ ကွင်းအတွင်း ဝင်ရောက်ကြည့်ရှု့ခွင့်ကို ကာလရှည်ကြာ တားမြစ်ပိတ်ပင်ခံထားရာက ပြန်လည်ခွင့်ပြုတော့မယ်လို့ Daily Times ပါကစ္စတန် အခြေစိုက် မီဒီယာက ဇူလိုင် ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။
၁၉၉၇ အစ္စလာမ္မစ်တော်လှန်ရေးပြီးကတည်းက အမျိုးသမီးတွေ ဘောလုံးပွဲနဲ့ တခြားပွဲတွေ ကြည့်ဖို့ အားကစားကွင်းတွေထဲ ဝင်ရောက်တာကို တားမြစ်ထားခဲ့တာပါ။
အီရန်ဘောလုံးအဖွဲ့ချုပ် အကြီးအကဲက “ဒီနှစ် ဘောလုံးလိဂ်ရဲ့ ထင်ရှားတဲ့ အင်္ဂါရပ်တွေထဲက တခုကတော့ အားကစားကွင်းထဲမှာ အမျိုးသမီးတွေ ဝင်ရောက်လာတာကို တွေ့ရမှာပါ။ ဒါဟာ ကာလရှည်ကြာ ဘောလုံးပွဲကြည့်ခွင့် ပိတ်ခံထားရတဲ့ အမျိုးသမီးတွေအတွက် အောင်ပွဲပါပဲ” လို့ ပြောပါတယ်။
သြဂုတ်လမှာကျင်းပမယ့် အသင်း ၁၆ သင်းပါတဲ့ အီရန်ဘောလုံးအမှတ်ပေးလိဂ်ပြိုင်ပွဲ ပွဲစဥ်ဇယား ထုတ်ပြန်တဲ့အခမ်းအနား ပြုလုပ်တဲ့ ဇူလိုင် ၉ ရက်မှာ အဆိုပါ ကြေညာချက်ကို ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အစ်ဖာဟမ်မြို့၊ ကာမမ်မြို့နဲ့ အာဗက်မြို့တွေမှာရှိတဲ့ အားကစားကွင်းတချို့မှာ အမျိုးသမီးတွေ ကြည့်ရှု့ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အီရန်ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။
၂၀၁၉ ခုနှစ်မှာ အီရန်အမျိုးသမီး ခိုဒါရီဟာ အမျိုးသားတယောက်လို အသွင်ပြောင်းလဲပြီး ဘောလုံးပွဲဝင်ကြည့်ဖို့ ကြိုးစားရာမှာ ရဲတပ်ဖွဲ့က မိသွားပြီး ထောင်ကျခံရမှာစိုးရိမ်လို့ ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့တဲ့ဖြစ်စဥ် ပြီးကတည်းက အမျိုးသမီးတွေ ဘောလုံးပွဲကြည့်ခွင့်ရဖို့ ခိုဒါယာရီလှုပ်ရှားမှု အနေနဲ့ တောင်းဆိုခဲ့ကြပြီး ၄ နှစ်ကြာမှ အခုလို အောင်မြင်မှုရခဲ့တာ ဖြစ်ပါတယ်။
အီရန်ဟာ အမျိုးသမီးဘောလုံးပွဲကြည့်ခွင့် ပိတ်ထားပေမဲ့ ၂၀၁၉ ခုနှစ်က တာဟမ်အဇာဒီ အားကစားကွင်းမှာ ကျင်းပတဲ့ ၂၀၂၂ အီရန်ကမ္ဘာ့ဖလားခြေစစ်ပွဲမှာတော့ အီရန်အမျိုးသမီး ၄,၀၀၀ ကို တက်ရောက်ကြည့်ရှုခွင့် ပေးခဲ့ပါတယ်။
အီရန်ဘာသာရေးဆရာတွေကတော့ အမျိုးသမီးတွေဟာ အားကစားကွင်းတွေထဲမှာ အမျိုးသားတွေမမြင်အောင် ဝတ်ရုံနဲ့ ကာကွယ်ထားရမယ်လို့ ပြောပါတယ်။
Source - Daily Times