စစ်ကောင်စီရဲ့ စားသုံးသူရေးရာဦးစီးဌာနက သတ်မှတ်တဲ့ စားအုန်းဆီ ရည်ညွန်းစျေးနှုန်းထက် ပြင်ပပေါက်စျေး နှစ်ဆကျော် မြင့်တက်နေတယ်လို့ စားအုန်းဆီ ရောင်းဝယ်သူတွေထံက သိရပါတယ်။
အခုတပတ်အတွက် စစ်ကောင်စီက သတ်မှတ်ထားတဲ့ စားအုန်းဆီ ရည်ညွှန်းစျေးနှုန်းမှာ ၄,၁၄၀ ကျပ်သာ ရှိပေမဲ့ ပြည်ပစျေးကွက်မှာ ၈,၅၀၀ ကနေ ၉,၀၀၀ ကြားထိ ရှိနေပါတယ်။
မော်လမြိုင်မြို့မှ စားအုန်းဆီရောင်းချသူတဦးက “စားအုန်းဆီစျေးက ၁ ပိသာ ၉,၀၀၀ ထိ ပေါက်နေပါပြီ။ သူတို့သတ်မှတ်ချင်သလို သတ်မှတ်ပြီး စျေးကွက်ထဲမှာလည်း ဖြစ်ချင်သလို ဖြစ်နေတာပဲ။ ဆီမှမဟုတ်ပါဘူး၊ တခြားပစ္စည်းတွေလည်း ဒီလိုပါပဲ။ တဆင့်ဆင့် ဝယ်ပြီး ရောင်းချတာကြောင့် စျေးကြီးတယ်လို့ ဆိုရပေမဲ့ ဒီလောက်ထိတော့ ကွာစရာအကြောင်း မရှိပါဘူး” လို့ ပြောပါတယ်။
စားအုန်းဆီစျေးနှုန်း မြင့်တက်လာတာဟာ အလုပ်အကိုင်ရှားပါးပြီး မိသားစုဝင်ငွေ လျော့နည်းလာမှုနဲ့အတူ ရင်ဆိုင်နေရတဲ့ အခြေခံလူတန်းစားအပြင် လူလတ်တန်းစားတွေပါ အဆင်မပြေတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။
“ကုန်စျေးနှုန်းတွေက အကုန်တက်နေတာ။ မိသားစုဝင်ငွေဟာ တနေ့ ၇,၀၀၀၊ ၈,၀၀၀ လောက်ပဲ ရှိတာကို မျှတပြီး သုံးနေရတယ်။ တက်တဲ့အထဲမှာ ဆန်စျေးနဲ့ ဆီစျေးက အဆိုးဆုံးပဲ။ ဆီတခါဝယ်ရင် ၁၀ သားချင်းစီပဲ ဝယ်နေရတယ်၊ အဲ့ထက်လည်း ပိုမဝယ်နိုင်ပါဘူး။ ကုန်စျေးနှုန်းတွေက ဘယ်တော့ပြန်ကျမလဲ မသိပါဘူး” လို့ အိမ်ရှင်မတဦးက ပြောပါတယ်။
ပြည်တွင်းစျေးကွက်မှာ စားအုန်းဆီရောင်းချသူတွေအနေနဲ့ စျေးနှုန်းမြှင့်တင်ရောင်းတာ၊ စျေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာနဲ့ မသမာတဲ့ လုပ်ဆောင်တာတွေ ပြုမူမယ်ဆိုရင် အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ စားသုံးသူရေးရာ ဦးစီးဌာနက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စားအုန်းဆီသုံးစွဲမှုပမာဏ တန်ချိန် ၁၀ သိန်းကျော်ရှိပြီး တန်ချိန် ၇ သိန်းခန့်ကို အင်ဒိုနီးရှားနဲ့ မလေးရှားကနေ တင်သွင်းနေပါတယ်။