Home
မြန်မာသတင်း
ဒေါ့ဖုန်းယန်၌ စစ်တပ်ရိက္ခာတင်ကား တိုက်ခိုက်ခံရ၊ ဗန်းမော်-နမ်ဆန်ယန်လမ်းတွင် တိုက်ပွဲဖြစ်
DVB
·
July 12, 2023
KIA

ကချင်ပြည်နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ ရိက္ခာတင်ကားကို ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး ဗန်းမော်-နမ်ဆန်ယန် လမ်းတလျှောက်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇူလိုင် ၁၁ ရက် ညနေ ၃ နာရီလောက်က ဗန်းမော်မြို့ဘက်ကနေ နမ်ဆန်ယန်ဘက်ကို ဦးတည်လာတဲ့ စစ်ကောင်စီတပ် ရိက္ခာတင်ကားကို ဒေါ့ဖုန်းယန်မြို့နယ် နွမ်လန်နဲ့ အူထန်ယန် ကြားက ရာဘာခြံနားမှာ ကေအိုင်ကေက ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ဒေါ့ဖုန်းယန်မြို့နယ်နေ ဒေသခံတဦးက “ဗန်းမော်ဘက်ကနေတက်လာတဲ့ကားကို RPG လို လက်နက်နဲ့ ပစ်ခတ်လိုက်တာလို့ ကြားတယ်။ အခုကြားရသလောက်ကတော့ ကားတစီးကတော့ ထိသွားတယ်တဲ့။ အဲဒါဖြစ်ပြီးနောက် ညနေ ၅ နာရီလောက်မှာလည်း ကားနဲ့ စစ်သား(စကစ)တွေ အများကြီးတက်သွားတာ တွေ့ရတယ်” လို့ပြောပါတယ်။

နွမ်လန်ကျေးရွာနားက စစ်ကောင်စီတပ်စခန်းကလည်း  တိုက်ခိုက်ခံရတဲ့ နေရာဘက်ကို ဦးတည်ပြီး လက်နက်ကြီးတွေ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ မနက် ၁၀ နာရီလောက်မှာလည်း နမ်ဆန်ယန်နာက မဒီးယန်နဲ့ ခယာကြားမှာ ဒေါ့ဖုန်းယန်ဘက်ကနေ တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။

မဒီးယန်မှာဖြစ်ပွားတဲ့  တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ခလရ-၂၃၆က တပ်ရင်းမှူး ထိခိုက်သေဆုံးတယ်လို့  မြေပြင်တိုက်ပွဲ့နဲ့ နီးစပ်သူက ပြောပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီတပ်တွေဟာ ဗန်းမော်ဘက်ကနေ နမ်ဆန်ယန်ဒေသကို နေ့စဉ်နေ့တိုင်း အရပ်သားကားတွေ အသုံးပြုပြီး စစ်အင်အားဖြည့်တင်းနေတယ်လို့လည်း ဒေသခံတွေကနေ သိရပါတယ်။

နမ်ဆန်ယန်ရွာ ပတ်ဝန်းကျင်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြစ်ကြီးနား-ဗန်းမော် ကားလမ်းကို ပိတ်ထားပြီး နမ်ဆန်ယန်‌ကျေးရွာသားတွေလည်း တိုက်ပွဲတွေ စဖြစ်တဲ့ ဇူလိုင် ၃ ရက်နေ့ကတည်းက ဝိုင်းမော်မြို့ပေါ်ကို ထွက်ပြေး တိမ်းရှောင်နေထိုင်နေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024