ရန်ကုန်မြို့မှာ ဇူလိုင်လအစကတည်းဖြစ်ပွားနေတဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ကလေးငယ်တချို့ သေဆုံးမှုရှိနေတယ်လို့ ကလေးဆေးရုံတွေမှာ သွားရောက်ကုသပေးနေတဲ့ မိဘတွေဆီက သိရပါတယ်။
ကိုဗစ်-၁၉ ရောဂါလက္ခဏာနဲ့ တော်တော်များများတူညီတဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရန်ကုန်မှာရှိတဲ့ ကလေးဆေးရုံတွေနဲ့ ပုဂ္ဂလိက ကလေးဆေးရုံတွေမှာ ကုသတဲ့ ကလေးတွေနဲ့ ပြည့်နှက်နေပြီး ကလေးတချို့ သေဆုံးတာတွေရှိနေတယ်လို့ မိဘတွေက ပြောပါတယ်။
ရန်ကင်းကလေးဆေးရုံကနေပြန်လာတဲ့ မိဘတဦးက“လိုင်းပေါ်မှာလည်း ၅ နှစ်အရွယ် ကလေးတဦး အဲ့ဒီရောဂါနဲ့သေသွားလို့ နာရေးကြော်ငြာတွေလည်း တွေ့တယ်။ တခြားဆေးရုံမှာ တက်ရောက်ကုသနေတဲ့ ကလေးတချို့သေတယ်လို့လည်းကြားတယ်။ အခုဖြစ်နေတာက ရောဂါလက္ခဏာ တော်တော်လေးပြင်းထန်တယ်။ အမကလေးတောင် အောက်ဆီဂျင်ထိုးကျလို့ ပိုက်ကို တောက်လျှောက်တတ်ခဲ့ရတာ။ အခုတော့သက်သာသွားပါပြီ” လို့ ပြောပါတယ်။
လက်ရှိမှာ အဆိုပါရောဂါဖြစ်ပွားနေတဲ့အတွက် မူကြိုကျောင်း၊ နေ့ကလေးထိန်းကျောင်း၊ အင်တာနေရှင်နယ်ကျောင်းအချို့ တပတ်ခန့်ကျောင်းပိတ်ထားရတယ်လို့ သိရပါတယ်။
ပြင်းထန်အဆုတ်ရောင် ရောဂါလက္ခဏာဟာ အသက်ရှူမြန်ခြင်း၊ ချွဲပိတ်သံပေါက်နေတဲ့ ဆူညံသောအသက်ရှူခြင်း၊ အဖျား တက်ခြင်း၊ နှာစေး၊ ချောင်းဆိုးခြင်း၊ အောက်ဆီဂျင်ထိုးကျတာတွေကို ဖြစ်ပေါ်စေပြီးတော့ အချိန်မီကုသမှုမခံယူဘူးဆိုရင် အသက်ဆုံးရှုံးနိုင်တယ်လို့ ဆရာဝန်တွေက အကြံပေးနေကြပါတယ်။
စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တစုံတရာထုတ်ပြန်ထားတာမျိုး မရှိသလို ကျောင်းတွေပိတ်ထားဖို့ကိုလည်း ညွှန်ကြားထားတာမျိုး မရှိသေးပါဘူး။