တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်က သူငယ်တန်းကျောင်းတကျောင်းကို ဇူလိုင် ၁၀ ရက်က တိုက်ခိုက်မှုကြောင့် လူ ၆ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သူငယ်တန်းကျောင်း အပြင်ဘက်က မြေပြင်မှာ အသက်မဲ့ ရုပ်အလောင်းတွေ၊ မျက်မြင်သက်သေတွေ၊ ရဲအရာရှိတွေ၊ လူနာတင်ယာဉ်တွေကို မျက်မြင်သက်သေက ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာ ပြထားပါတယ်။
ဗွီဒီယိုဖိုင်ထဲက အဆောက်အအုံအင်္ဂါရပ်တွေအပြင် အနီးအနားက အဆောက်အအုံတွေနဲ့ ဆိုင်းဘုတ်တွေကို အပြင်မှာပါ တိုက်ဆိုင် ရှာဖွေတွေ့ရှိနိုင်ခဲ့ပါတယ်။
ဇူလိုင် ၁၀ ရက် မနက် ၇ နာရီ မိနစ် ၄၀ လောက်မှာ လျန်ကျန်းမြို့ ဟုန်ရှန်မြို့နယ်ထဲမှာ ရည်ရွယ်ချက်ရှိရှိလုပ်တဲ့ အမှုတခု ဖြစ်ပွားခဲ့တယ်လို့ လျန်ကျန်းမြို့ ပြည်သူ့လုံခြုံရေးဗျူရိုက WeChat မှာ ကြေညာခဲ့ပါတယ်။
ဒီဖြစ်စဉ်ကြောင့် သေဆုံးသူ ၆ ဦးရှိပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် သံသယရှိသူ အမျိုးသားတဦးကို ဖမ်းဆီးထားတယ်လို့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
လျန်ကျန်းခရိုင်ထဲက တိုက်ခိုက်မှုဟာ ဓားထိုးမှုဖြစ်တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ တခြား အသေးစိတ်အချက်အလက်တွေကိုတော့ ချက်ချင်း မရသေးပါဘူး။
Source - Reuters