ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းက ဇာပိုရီးရှားဒေသမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးဝေရေး နေရာတခုအပေါ် ရုရှားရဲ့ တိုက်ခိုက်မှုအတွင်း လူ ၄ ဦး သေဆုံးခဲ့တယ်လို့ ဇူလိုင် ၁၀ ရက်မှာ အာဏာပိုင်တွေက အတည်ပြုပါတယ်။
ယူကရိန်း အမျိုးသားရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်တဲ့ ဗွီဒီယိုတခုမှာ ဒီတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ စာသင်ကျောင်းနဲ့အတူ ရဲအရာရှိတွေရဲ့ ရုပ်အလောင်း သယ်ထုတ်မှုကိုပါ တွေ့ရပါတယ်။
အကူအညီပေးဝေရေး နေရာတခုအဖြစ် အသုံးပြုနေတဲ့ ဒီစာသင်ကျောင်းကို တိုက်ခိုက်ရာမှာ လေကြောင်းသုံး ပဲ့ထိန်းဗုံးတလုံးကို အသုံးပြုခဲ့တာဖြစ်ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး ယူရီ မာလက်ရှ်ကို (Yuriy Malashko) က မှတ်ချက်ပေးပါတယ်။
ဒီဖြစ်ရပ်အတွင်း အသက် ၄၀ ကျော် အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၁ ဦး သေဆုံးခဲ့တာလို့ မာလက်ရှ်ကိုက တယ်လီဂရမ်ပေါ်မှာ ပြောကြားထားပါတယ်။
အစိုးရရှေ့နေချုပ်ရုံးကလည်း နောက်ထပ် လူ ၁၃ ဦးပါ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ နေ့လယ်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အော်ရီခစ်ဗ် (Orikhiv) မြို့က တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရုရှားအပေါ် စစ်ရာဇဝတ်မှုဆိုင်ရာ အမှုတခု ဖွင့်လှစ်ခဲ့တယ်လို့ အစိုးရရှေ့နေချုပ်ရုံးက ဖြည့်စွက်ပြောပါတယ်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ယူကရိန်းအပေါ် အလုံးစုံကျူးကျော်ခဲ့တဲ့ ရုရှားဘက်ကတော့ အရပ်သားတွေအပေါ် တမင်တကာ ပစ်မှတ်ထားတာမျိုး မရှိဘူးလို့ ငြင်းဆန်ထားပါတယ်။
Source - Reuters