စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မအူကျေးရွာက ပြည်သူနေအိမ်တွေကို ဇူလိုင် ၁၁ ရက် မနက် ၈ နာရီလောက်မှာ စစ်ကောင်စီတပ်က အကြောင်းမဲ့ မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက စစ်ကား ၃ စီးနဲ့ ရောက်လာပြီး မအူရွာကို မီးရှို့ခဲ့တာကြောင့် ပြည်သူနေအိမ် ၈ လုံး မီးလောင် ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“အခုလို မီးရှို့တာက သူတို့ကားတန်း အရင်နေ့က မိုင်းဆွဲခံရလို့ ဒီနေ့မှာ ရွာကို မီးရှို့ဖို့ သတ်သတ်လာပြီး အကြောင်းမဲ့မီးရှို့တာဖြစ်မယ်ဗျ။ မီးရှို့တဲ့နေရာက ကျနော်တို့ မအူရွာအရှေ့တောင်(ဘောလုံးကွင်းအရှေ့ခြမ်းက) ပြည်သူ့နေအိမ် ၈ လုံးကို မီးရှို့သွားကြတယ်။ ဘာအကြောင်းပြချက်မှ မရှိဘူး၊ ဘာတိုက်ပွဲလည်း မဖြစ်ပွားဘဲနဲ့ မီးရှို့သွားတာပါ။”
မုံရွာမြို့နယ်အတွင်းမှာတော့ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ အပြန်အလှန် ချောင်းမြောင်းပစ်ခတ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ရဲတပ်ရင်း ၂၈ ကနေ ဇူလိုင် ၇ ရက်ကစပြီး လက်နက်ကြီးတွေနဲ့ နေ့ရောညပါ ပစ်ခတ်နေတာကြောင့် ဒီနေ့ ဇူလိုင် ၁၀ ရက်အထိ ပြည်သူ ထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့ ရဲတပ်ရင်း ၂၈ ဟာ မုံရွာ-ပုသိမ်လမ်းမကြီး အနောက်ဘက် အောင်မိုးရွာအနီးမှာ တည်ရှိတဲ့ ရဲစခန်းတခုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့သစ်ရွာခံတဦးက “စခန်းရဲ့ အနောက်ဘက်က ရွာတွေဆီကို ပစ်ခတ်တာဗျ။ သူတို့ပစ်တဲ့ လက်နက်ကြီးတွေက နှစ်ဆင့်ကွဲကြီးတွေ ဖြစ်တယ်ဗျ။ ပစ်လိုက်ရင် အဝေးကြီး ရောက်တာ။ ပေါက်ကွဲရင်လည်း မြေကြီးတွေပါ တုန်တယ်။ ပေါက်ကွဲတဲ့နေရာ သွားကြည့်ရင်လည်း ကျင်းကြီးတွေက ၃ ပေလောက် နက်ပြီး ၆ ပေလောက် ကျယ်တယ်။ ဘာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရတာလဲဆိုတော့ ဆရာရယ် ရမ်းသန်းပစ်ခတ်တဲ့ လက်နက်ဆိုတော့ ရွာတွေထဲလည်း ကျနိုင်တယ်။ ပစ်နေတာတော့ ၄ ရက်ရှိနေပြီ။ သူတို့ပစ်တဲ့နေ့ကစပြီး ရွာသားတွေကတော့ ရှောင်နေကြရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ မြို့သစ်ရွာ၊ ကောင်းဆင့်ရွာ၊ နှောရိုးရွာ၊ ဇီးဖြူပင်ရွာ၊ ရွာထောင်ရွာ၊ လေးတွေရွာ၊ မြေကြက်ဆူရွာ၊ ရွာသာရွာ၊ ပြန်လှည့်ရွာ၊ ပြောင်းပြန်ရွာ၊ လက်လှုပ်ရွာ၊ စားတော်ပြင်ရွာ၊ နှုံးကြီးရွာ၊ ရုံးလေးပင်ရွာ၊ ငါးမောင်းရွာ စတဲ့ ယင်းမာပင်မြို့နယ်ကပြည်သူ ထောင်နဲ့ချီ စစ်ဘေးရှောင်နေကြရတာလို့ ဒေသခံတွေက ပြောပါတယ်။