ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပါတယ်။
နောင်ကျန်ကျေးရွာအုပ်စု ဂူဝကျေးရွာအနီး ဘုရင်ညီနောင်ဂူနဲ့ ဝါးပိုးတောလမ်းဆုံမှာ ရှိတဲ့ တံတားတစင်း ဖောက်ခွဲခံခဲ့ရတာဖြစ်ပြီး တံတားအောက်ခြေနဲ့ လက်ရမ်းတို့ ပျက်စီးခဲ့ကာ တံတားအလယ်မှာ အက်ကွဲကြောင်းတခု ဖြစ်ပေါ်ခဲ့ပါတယ်။
နောင်ကျန်ရွာခံတဦးက “မနက်ကတော့ စစ်ဆေးပြီး ကားတွေ အသွားအလာပိတ်လိုက်တယ်။ ၉ နာရီခွဲလောက် ကျတော့ ကားသေးတွေ ပေးဖြတ်တယ်။ နေ့လယ် ၁၂ လောက်ရောက်တော့ ကားကြီးတွေပါ ပုံမှန်အတိုင်း ပေးဖြတ်လိုက်ပါပြီ။ ဘယ်သူကခွဲလဲဆိုတာတော့ အခုထိ မသိသေးပါဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်ကလည်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်ရှိ သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အကြားက ကျုံအိတ်တံတား ဖောက်ခွဲခံခဲ့ရပါသေးတယ်။
ကေအန်ယူ - ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေ ကျောက်တံခါးမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်တွေအကြား နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNLA PDF ပူးပေါင်းတပ်ဖွဲ့ကနေသိရပါတယ်။
နံဇရွာနဲ့ ပေါက်ပင်ကုန်းကျေးရွာတွေဘက်မှာ ဇူလိုင် ၅ ရက်က အင်အား ၁၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တဲ့ နှစ်ရက် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၅ ဦးဝန်းကျင် သေဆုံးခဲ့ပါတယ်။
ဇူလိုင် ၅ ရက်နေ့တိုက်ပွဲမှာ မနက် ၂ နာရီခွဲလောက်ကနေ မိုးလင်းချိန်အထိ အပြန်အလှန်ပစ်ခတ် တိုက်ခိုက်ခဲ့ကြတာမှာ စစ်ကောင်စီက ၁၅ ဦးခန့်သေဆုံးခဲ့တာပါ။
ဇူလိုင် ၆ ရက် ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီတပ်ဘက်က ၃ ဖွဲ့ခွဲကာ နံဇရွာသို့ ထပ်မံစစ် ကြောင်းထိုးလာရာ နံဇနဲ့ ပေါက်ပင်ကုန်းကြားတံတားအနီးမှာ ည ၇ နာရီကျော်အထိ တိုက်ပွဲပြင်းထန်ဖြစ်ပွားတယ်လို့ KNLA PDF ပူးပေါင်းတပ်ဖွဲ့ဘက်ကပြောပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းဟာ တိုက်ခိုက်ခံရပြီး အထိနာသွားသောကြောင့် ဇူလိုင် ၉ရက်မနက်ပိုင်းမှာ နံဇရွာအရှေ့ဘက် စဥ်းအိုးလဟာကျေးရွာသို့ဝင်ရောက်ပြီး ပြည်သူ့နေထိုင်တဲ့အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။
ပဲခူးတိုင်းထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ တိုက်ပွဲတွေ ပြင်းထန်လာနေသလို စစ်ကောင်စီတပ်ဘက်အထိနာအကျဆုံးတွေလည်းများပြားထားပါတယ်။