ဇူလိုင် ၉ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက် ၄၀ ကျော်သေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၅၃ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲမှာ စစ်ကောင်စီစစ်ကြောင်းကို KSO က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြသလို ရွှေဘိုမြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေ လိုက်ပါလာတဲ့ ၁၂ ဘီးကားကို PDF တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။ မြောင်မြို့နယ်မှာတော့ စစ်ကောင်စီ ရဲစခန်းကို PDF တို့က မောင်းသူမဲ့ ဒရုန်းနဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှာတော့ အကြမ်းဖက် ပြည်သူ့စစ်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မိုးမောက်မြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေ လိုက်ပါလာတဲ့ ၁၂ ဘီးကားကို KIA+PDF တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေက ဒေသခံတွေကို လေယာဉ်နဲ့ ဗုံးကြဲခဲ့ကြပြီး မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာတော့ အကြမ်းဖက် စစ် ကောင်စီ စစ်ကြောင်းကို PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြလို့ စစ်ကောင်စီဘက်က ၉ ယောက် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာတော့ စစ်ကောင်စီ လက်အောက်ခံ BGF စခန်းကို KRF က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြပြီးတော့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ နယ်မှာလည်း စစ်ကောင်စီ တပ်ရင်းကို PDF တို့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အ တွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။