အခုတပတ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ ဆက်လက်အားကောင်းလာနိုင်တာကြောင့် ကမ်းရိုးတန်းဒေသတွေနဲ့ မြောက်ပိုင်းဒေသတွေမှာ မိုးကြီး/မိုးများလာနိုင်ပြီး မြို့ပြနဲ့ မြစ် ချောင်းတွေ ရေကြီးရေလျှံနိုင်ခြေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ခန့်မှန်းထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၀ ရက်ကနေ ၁၆ ရက်အထိ ရက်သတ္တပတ်အတွင်း မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းချက်တွေကို ထုတ်ပြန်ထားတာဖြစ်ပြီး ၁၂ ရက်ကနေ ၁၆ ရက်နေ့တွေအတွင်း မြန်မာ့ကမ်းရိုးတန်းဒေသတွေမှာ မုတ်သုံလေအားကောင်းပြီး မိုးပိုမိုရွာသွန်းလာနိုင်တယ်လို့ ဆိုပါတယ်။
မနက်ဖြန် ဇူလိုင် ၁၁ ရက်အထိ မြန်မာနိုင်ငံအထက်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ အနောက်တောင်လေတွေ တိုက်ခတ်နိုင်ပြီး တောင်ပိုင်းမှာတော့ အနောက်-အနောက်တောင်လေတွေ တိုက်ခတ်နိုင် တယ်လို့ ခန့်မှန်းထားကာ နွေမုတ်သုံအခြေအနေကတော့ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တို့မှာ အားအသင့်အတင့်ကနေ အားကောင်းနေနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကချင်၊ ချင်း၊ ရခိုင်ပြည်နယ်တွေနဲ့ စစ်ကိုင်းတိုင်းတို့မှာ နေရာအနှံ့အပြား မိုးရွာသွန်းနိုင်ပြီး ရှမ်း၊ ကယား၊ ကရင်၊ မွန်ပြည်နယ်တွေနဲ့ ဧရာဝတီ၊ ပဲခူးနဲ့ ရန်ကုန်တိုင်းတို့မှာ နေရာစိပ်စိပ်နဲ့ ကျန်ဒေသတွေမှာတော့ နေရာကွက်ကျား မိုးရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ရခိုင်ကမ်းရိုးတန်းမှာတော့ တောင်-အနောက်တောင်ဘက်က လေဟာ တနာရီကို ၁၀ မိုင်ကနေ ၁၅ မိုင်အထိ တိုက်ခတ်နိုင်ပြီးတော့ လှိုင်းကြီးနိုင်တယ်လို့ ဆိုပါတယ်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့နဲ့ တနင်္သာရီ ကမ်းရိုးတန်းတို့မှာတော့ အနောက်-အနောက်တောင်ဘက်က လေဟာ တနာရီကို ၅ မိုင်ကနေ ၁၀ မိုင်အထိ တိုက်ခတ်နိုင်ပြီးတော့ လှိုင်းအသင့်အတင့် ရှိနိုင်တယ်လို့ ဆိုပါတယ်။