တရုတ်နိုင်ငံအလယ်ပိုင်းက အဝေးပြေးလမ်းတည်ဆောက်ရေး လုပ်ငန်းခွင်တခုမှာ မြေပြိုကျခဲ့တာကြောင့် လူတယောက် သေဆုံးပြီး ၇ ယောက်အထိ ပျောက်ဆုံးနေတယ်လို့ နိုင်ငံပိုင်ရုပ်သံ စီစီတီဗီမှာ ဇူလိုင် ၉ ရက်က သတင်းဖော်ပြပါတယ်။
စနေနေ့က ဖြစ်ပွားခဲ့တဲ့ ဒီမြေပြိုမှုအတွင်း နောက်ထပ်လူ ၆ ယောက်ကို အသက်ရှင်လျက် တွေ့ရှိခဲ့ပေမဲ့ ဒဏ်ရာတွေ ရရှိထားတယ်ဆိုပြီး ဟူဘေး ပြည်နယ်ဆိုင်ရာ တာဝန်ရှိသူတွေက WeChat အကောင့်ပေါ်မှာ ပြောကြားထားပါတယ်။
ဒါ့အပြင် ဆောက်လုပ်ရေးလုပ်ငန်းစဉ်အတိုင်း ဆက်လက်လုပ်ကိုင်နေတာကြောင့် အဲ့ဒီဧရိယာထဲက တခြား သဘာဝဘေးအန္တရာယ်တွေကိုပါ တားဆီးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဖြည့်စွက်ပြောပါတယ်။
စီစီတီဗီသတင်းဌာနရဲ့ ရုပ်သံမှတ်တမ်းတွေအရ ဒီလိုမြေပြိုကျခဲ့တဲ့ အခင်းဖြစ်ပွားရာမှာ ကယ်ဆယ်ရေးလုပ်သားတွေနဲ့အတူ တူးဖော်ရေးသမားတွေကိုပါ တွေ့ရပါတယ်။
လွန်ခဲ့တဲ့လက စီချွမ်ပြည်နယ်ရဲ့ မိုင်းတွင်းတခုမှာ မြေပြိုကျခဲ့တဲ့အတွက် လူပေါင်း ၁၉ ဦးအထိ အသက်ဆုံးရှုံးခဲ့ရပြီး အချိန်တိုအတွင်း မိုးရွာသွန်းမှု များပြားရာကနေ မြေပြိုကျခဲ့တဲ့အတွက် တခြားလူ ၄ ဦး သေဆုံးခဲ့ပါတယ်။
ဒီလို မိုးရွာသွန်းမှု အပါအဝင် တခြား သဘာဝဘေးအန္တရာယ်တွေနဲ့ ပတ်သက်ပြီး ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေက အသင့်အနေအထား ပြင်ဆင်ကာ လျင်မြန်စွာ တုံ့ပြန်ကြဖို့အတွက် တရုတ်အစိုးရအနေနဲ့ အကြံပြုထားတယ်လို့ သိရပါတယ်။
Source - Reuters