ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့အရှေ့ဘက်မှာရှိတဲ့ နမ့်ဆီးကျေးရွာအုပ်စုနဲ့ နောင်လေ ကျေးရွာအုပ်စုက ကျေးရွာ ၁၀ ရွာကျော်နားမှာ ကြက်ခြံတွေ ရှိတဲ့အတွက် မိုးရာသီမှာ ကြက်ချေးနံ့ ဆိုးဆိုးဝါးဝါးခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီကြက်ခြံတွေဟာ မူးရားကျေးရွာ၊ နောင်လေ၊ မောက်ဝေါက်၊ နောင်ဒေး၊ စခဲကျေးရွာ၊ မဲဟဲကျေးရွာနဲ့ လုံးထိုင်းကျေးရွာလမ်းမတလျှောက်လုံးမှာ ရှိတယ်လို့ ဆိုပါတယ်။
“ကြက်ချေးနံ့တွေက မိုးရာသီမှာဆို အရမ်းနံတယ်၊ မခြောက်တော့ဘူးလေ၊ အနံ့က အရမ်းဆိုးတာ၊ ယင်ကောင်တွေလည်း တဝီဝီနဲ့၊ ထမင်းစားတဲ့အချိန်ဆိုရင် တခါးတွေပိတ်ထားရတယ်၊ ခြံသွားရင် နေ့လယ်ထမင်း စားနားတဲ့အခါ ခြင်ထောင်တွေထဲမှာစားရတယ်၊ ယင်ကောင်တွေများလွန်းလို့” လို့ စခဲကျေးရွာခံတဦးက ပြောပါတယ်။
ကြက်ခြံတခြံမှာ ကြက်တဲ ၁၀ခု ထက် မနည်းရှိပြီး ကျေးရွာတွေနဲ့ နီးကပ်တဲ့အတွက် ဒေသခံတွေဟာ လေကောင်းလေသန့် မရတဲ့အပြင် ယင်ကောင်တွေကြောင့် အစားအစာတွေလည်း သန့်သန့်ရှင်းရှင်းထားရှိရတာ အခက်အခဲရှိလာတယ်လို့ ဆိုပါတယ်။
မဲဟဲကျေးရွာခံအမျိုးသားတဦးက “မြို့နဲ့ဝေးရင်ပြီးရောဆိုပြီး ကြက်ခြံကို ဒီမှာလာဆောက်ကြတာ။ စည်ပင်နယ်နိမိတ်ထဲမှာဆိုရင် မွေးလို့မရဘူးလေ၊ အဓိကတော့ ကြက်ခြံတွေကို သန့်ရှင်းရေးလုပ်စေချင်တယ်။ ဒီဘက်ကျေးရွာမှာက မိုးများတယ်၊ အအေးပိုင်းလည်းဖြစ်တော့ စိုစိုထိုင်းထိုင်းကြီးဖြစ်နေတော့ ကြက်ချေးတွေက မိုးရာသီဆို လုံးဝခေါင်းခဲနေအောင်ကို နံတယ်၊ ဒီအနံ့တွေနဲ့ ထမင်းစားရတာက သူတို့ ကိုယ်ချင်းစာသင့်တယ်လေ။ အရင်က အစိုးရတွေက လာစစ်ပေးသေးတယ်၊ ခုနောက်ပိုင်းက ဘယ်သူမှလည်း သွားမပြောရဲတော့ဘူး” လို့ ပြောပါတယ်။
အဲ့ဒီကြက်ခြံတွေက ၂၀၁၇ ခုနှစ်ကစပြီး စည်ပင်သာယာရေးနယ်နိမိတ်မဟုတ်တဲ့နေရာကို ပြောင်းရွှေ့ မွေးမြူရတဲ့အတွက် တောင်ကြီးမြို့အရှေ့ဘက်ကို အများစုရောက်ရှိလာကြတာလို့ သိရပါတယ်။
ရှမ်းပြည်နယ် ကြက်မွေးမြူရေးဆိုင်ရာဇီဝဥပဒေပုဒ်မ ၃၁ မှာ ကြက်မွေးမြူရေးလုပ်ကိုင်သူဟာ ကြက်ခြံမှထွက်တဲ့ အနံ့အသက်များဆိုးများထိန်းချုပ်ခြင်းနှင့် ကူစက်ရောဂါများ မဖြစ်ပေါ်ဖို့ ကော်မတီရဲ့ စိစစ်ညွန်ကြားချက်များကို လိုက်နာရန်နဲ့ ပျက်ကွက်ခြင်းမပြုရလို့ ပါရှိပါတယ်။
မလိုက်နာပါက ကျပ် ၂ သိန်းထက် မပိုတဲ့ဒဏ်ငွေဖြစ်စေ၊ ကြက်မွေးမြူရေးလုပ်ငန်းကို ပိတ်သိမ်းရမယ်လို့ အမိန့်ပါရှိကြောင်း သိရပါတယ်။