(က)
မိုးလေးဖွဲဖွဲကြားမှာ တောင်ကျောင်းကို ဆွမ်းချိုင့်ပို့ထွက်လာခဲ့တဲ့ ဖေကြီးတို့ဟာ လမ်းမှာ စကားတပြောပြောနဲ့ပေါ့ဗျာ။ အဘစောမူးသာက ပြောလိုက်၊ အဘလုံးတုံးက ဟားလိုက်၊ အဘလုံးတုံးက ပြောလိုက်၊ ဖေကြီးက ဟားလိုက်ဆိုတော့ကာ လမ်းမှာ တဝါးဝါး တဟားဟားပေါ့ ခင်ဗျာ။
ဘယ်အချိန်ပြောပြော ကြင်စိုး သာဝ မအလအကြောင်းပဲ ထိပ်ကပေါ့။ သူ့အကြောင်းကလည်း ပြောမဆုံးပေါင် တောသုံးထောင်မဟုတ်လား။ ‘ပြောလိုက်ရင်လည်း သောက်တလွဲ၊ လုပ်လိုက်ရင်လည်း သောက်တလွဲကွ’ လို့ အဘတို့က မှတ်ချက်ပြုကြပါတယ်။
အခုလည်း ကမ္ဘာပေါ်မှာအကြီးဆုံးဆိုလား လေထွားထွားနဲ့ ပြောပြောပြပြနေတဲ့ စကျင်ကျောက် ဗုဒ္ဓဆင်းတုတော်နဲ့ လူတွေကို ဘာသာရေးနဲ့ ‘ဆွယ်’ နေပြန်တာ မကြာခဏပါပဲဗျာ တဲ့။
“အစဉ်အဆက်ပဲကွ . . . ဒီ အာဏာရူးကောင်တွေဟာ အရိုးခံလူထု မျက်စေ့လည်သွားအောင် လုပ်လုပ်ပြကြတာ ခုထက်ထိပဲ”
“အာဏာသိမ်းဖက်ဆစ်ကောင်တွေဟာ သူတို့ကိုယ်သူတို့ ‘အမျိုး၊ ဘာသာ၊ သာသနာ’ ကို ကာကွယ်စောင့်ရှောက်သူတွေအဖြစ် ပုံဖော်ပြောဆိုပြီး လုပ်ပြလေ့ရှိပြတယ် ဟ”
“အမှန်ပဲကွ”
“သူတို့ကိုယ်သူတို့ ‘သာသနာပြုမင်း’ တွေလို့ လုထု ထင်ယောင်ထင်မှားဖြစ်အောင် ကြံဆောင် ပြောဆိုကြတယ်။ လုပ်ပြကြတယ်”
“အင်း . . .”
အာဏာရူး ဖက်ဆစ်ဗိုလ်ချုပ်တွေဟာ ဘုရားတွေတည်ပြ၊ ထီးတွေတင်ပြ၊ လုထုကြည်ညိုတဲ့ ဆရာတော်ကြီးတွေကို ဘွဲ့ထူးဂုဏ်ထူးတွေ ဆက်ကပ်ပြနဲ့ သူတို့ဟာ ဘာသာရေး ကိုင်းရှိုင်းသယောင်ယောင် ဟန်ဆောင်လုပ်ပြကြပြီး တခြားတဘက်မှာကား ပြည်သူလူထုကို နေ့စဉ်မပြတ် ညှဉ်းဆဲ သတ်ဖြတ်နေတာကို သတင်းမှန်တွေ ဖော်ပြပေးနေတဲ့ မီဒီယာတွေပေါ်မှာ နေ့စဉ်နေ့တိုင်း မြင်နေရတော့ အဲဒီ မအလတွေကို နေ့စဉ်အမြဲ ‘မေတ္တာပို့’ နေကြတဲ့ လူထုဟာ သန်းပေါင်းများစွာပေါ့ကွာ တဲ့။
“ကဲ ကဲ . . . ဒီအုတ်တံတိုင်းအစိမ်းဘေးနားမှာ ငါတို့ဖိနပ်တွေ ချွတ်ထားခဲ့။ စိမ်းသရဖူစိမ်းကိုယ်တော်တော့ မျှော်လှရော့မယ်”
“ရင်တထိတ်ထိတ်နဲ့ မျှော်နေမှာ မဟုတ်လား”
“ဟားဟား ဟားဟား ဟားဟား . . . . . . .”
(ခ)
“တကယ်တော်တဲ့ နစကဥက္ကဋ္ဌကြီးကွာ”
“တင်ပါ့ဘုရား . . . အခု သူတည်နေတဲ့ ထိုင်တော်မူ စကျင်ကျောက်ဆင်းတုကြီးဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးတဲ့ ဘုရာ့”
“အိမ်း . . . . .”
ကျောင်းပေါ်မှာ စိမ်းသရဖူစိမ်းဆရာတော်နဲ့ စိမ်းဆိုမှစိမ်း ဒါယကာတော် အဘစိမ်းမောင်တို့ရဲ့ အတိုင်အဖောက်ညီညီ စကားသံကို ကြားလိုက်တော့ အဘစောမူးသာနဲ့ အဘလုံးတုံးက ဖေကြီးကို အဓိပ္ပာယ်ပါပါ အသာပြုံးပြကြပါ၏။
ကျောင်းပေါ်ကို ဖေကြီးတို့ရောက်တော့ ဆရာတော်နှင့် ဒကာကျော်တို့ ရုတ်တရက် နှုတ်ဆိတ်သွားကြပါလေ၏။ အရွှင်အဘတွေက နှုတ်မဆိတ်စေရ စီမံချက်ဖြင့် စကားဝိုင်းကို ပြန်၍ ဆက်ပါလေတော့၏။
“သာသနာပြုမင်းတွေဆိုတာ ဒီလိုပါပဲ၊ သူတို့လက်ထက်မှာ ဘုရားတွေတည်တယ်၊ ဆရာတော်တွေကို တနှစ်မှာ သုံးလေးခါလောက် ဘွဲ့ထူးဂုဏ်ထူးတွေ ဆက်ကပ်တယ်လေ”
“ဟေ . . . . . . အေး”
အဘစောမူးသာ့စကားမှာ တောင်ကျောင်းကိုယ်တော် အငိုက်မိသွားပုံပါ။ အဘစောမူးသာ ကလည်း ပြုံးပြုံး ပြုံးပြုံးနဲ့ ခင်ဗျ။ ပြီးတော့ ‘ဗိုလ်ချုပ်မှူးကြီးသန်းရွှေ’ လက်ထက်မှာလည်း ဒီလိုပဲ ‘စွယ်တော်မြတ်’ ဆိုပြီး ‘စတမ’ လို့ခေါ်တဲ့ ‘စစ်တပ်မြဲ’ ယတြာအရတည်တဲ့ ဘုရားလည်း တည်ခဲ့သေးတယ်ဟု ဆိုလေ၏။
ပြီးတော့ ‘ကျောက်တော်ကြီး’ တည်ခဲ့သေးကြောင်း၊ အဲသည်ဘုရားမှာ ‘ဆင်ဖြူတော်’ တင်းကုတ်တော်တွေပါ ထားရှိခဲ့ကြောင်းကို အမျှင်မပြတ် ‘လွှတ်’ နေပါလေ၏။
“အိမ်း . . . ဟုတ်သကွ . . . သူ့လက်ထက်တုန်းကလည်း အခုလိုပဲ ‘ကျောက်တော်ကြီး’ တည်ခဲ့တာပေါ့ကွ”
“ဒါတင်ဘယ်ကမလဲဘုရာ့ . . . သူ ဘယ်လောက်တောင်မှ သာသနာပြုခဲ့သလဲဆိုရင် ရွှေတိဂုံပေါ်မှာတောင်မှ ‘ကျောက်စိမ်းဆင်းတု’ တဆူ ပူဇော်ထုလုပ်ခဲ့သေးတာ”
“ဟုတ်ပ လုံးတုံးရာ . . ငါတို့ ရန်ကုန်ရောက်တုန်းကဆို အဲသည်ကျောက်စိမ်းဘုရားကို တကူးတက ရှာပြီးကို ဖူးခဲ့ရသေးတာ”
“ဟားဟား ဟားဟား ဟားဟား . . . . . .”
“မင်းက ဘာထရယ်တာလဲ မူးသာရ . . .”
“သဘောကျလို့ပါကိုယ်တော်ရာ . . အဲသည် ကျောက်စိမ်းဆင်းတုတော်ရဲ့ မျက်နှာတော်ဟာ ‘ဦးသန်းရွှေ’ ရဲ့ရုပ်အတိုင်း ထွင်းထုထားတာလေးကို သတိရမိလို့ပါ”
“ဟေ . . . . . .”
ဆရာတော်ကား ခြုံခိုတိုက်ခိုက်ခံရသူအလား ရုတ်တရက် အငိုက်မိသွားပါလေ၏ ခင်ဗျာ။
သူတို့ပြောတဲ့ ‘သာသနာပြုမင်း’ ဆိုသူတွေကား ဤမျှလောက်အထိ သာသနာပြုကာ ယတြာချေတတ်ကြကြောင်း ပညာရှိသည့်လူထုက သိကြပါလေ၏။
“အခုလည်း အရှင်ဘုရားတို့ရဲ့ သာသနာပြုမင်း စကစဥက္ကဋ္ဌကြီးလည်း ဆင်းတုတော်တဆူဆူမှာ သူ့မျက်နှာနဲ့ ထုလုပ်ထားမထား သိချင်စမ်းပါဘိ ဘုရာ့”
“ဟေ . . . . . အဲ . . . . . အင်း”
အဘစောမူးသာရယ် အဘလုံးတုံးရယ် ပေါ့ပေါ့ပါးပါး ပြုံးရယ်ပြောကြားနေချိန်မှာ စိမ်းသရဖူစိမ်းတွေဟာ ကြောင်အမ်းအမ်းကြီးတွေ ဖြစ်နေကြတယ် ခင်ဗျ။ ဒါနဲ့ အဘစောမူးသာလည်း အားနာသွားတယ်ထင်ပါတယ်၊ စကားကို လမ်းကြောင်းလွှဲလိုက်တယ်။
“အဲ . . . ဒီနေ့တော့ ဆရာတော်ကြိုက်တတ်တဲ့ဟင်း ရလာခဲ့တယ် ဘုရာ့”
“ဘာဟင်းလဲ မူးသာ သူငယ်ချင်းရ”
“ဒီမှာလေ စိမ်းမောင်ရ၊ ‘ဝက်လက်ဆီပြန်’ နူးအိနေအောင် ချက်လာခဲ့တာ၊ ‘ဝက်လက်’ ကလည်း အသည်းအသန်ကို ရှာခဲ့ရတာဟ”
“ဘယ်လို အသည်းအသန် ရှာခဲ့ရတာလဲ”
“ဒီလိုကွ . . . ‘လှတော’ ဘက်မှာကော ‘ဝက်လက်’ ဘက်မှာပါ နင်တို့ သာသနာပြုမင်းရဲ့ စစ်ကြောင်းတွေ အတင်းထိုး အတင်းရှို့နေလို့ အသက်လုပြီး အပြေးအလွှား ရှာခဲ့ရတာဟေ့”
“ဟေ . . . . .”
ဆရာတော်ကား ရုတ်တရက် ထတော်မူကာ ကျက်သရေခန်းထဲသို့ ရုတ်ချည်းဝင်ရောက် ကိုယ်ရောင်ပျောက်သွားပါလေပြီတည်း။
အဘစိမ်းမောင်လည်း မအီမလည်မျက်နှာကြီးဖြင့် ဝက်လက်ဆွမ်းချိုင့်ကိုမကာ ဆရာတော့် စားပွဲပေါ်မှာ သွားရောက်လှယ်ထည့်နေပါလေတော့သတည်း။
(ဂ)
ဆရာတော်ကား ဝိုင်းဆီသို့ ပြန်ကြွလာတော်မမူတော့ပါလေ။ အဘစိမ်းမောင်ကား ဆွမ်းချိုင့်များကို လှယ်ပြီး ဆေးပြီးနောက် ဝိုင်းဆီသို့ မလှမ်းချင် လှမ်းချင် ခြေလှမ်းများဖြင့် စိတ်မပါလက်မပါ ပြန်ရောက်လာတော်မူပါ၏။
အဘစောမူးသာနှင့် စစ်ပြန်ကြီး အဘလုံးတုံးတို့ကား တဦးကိုတဦး အဓိပ္ပာယ်ပါပါ ပြုံးပြကြကာ အစွန်းရောက်တွေကို ‘ချွတ်’ မှ ဖြစ်လေမည်ဟူသည့် စိတ်စေတနာဖြင့် စကားဝိုင်းကို ဆက်နေကြပုံပါလေ။
“တကယ်တော့ ကမ္ဘာပေါ်က ဘယ်သူမဆို ကိုယ်ကြိုက်ရာဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတယ်ကွ”
“မှန်တယ်မူးသာ . . . အခု သူတို့ရဲ့ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါ အဲဒါကို အတိအလင်း ပြဋ္ဌာန်းထားတယ်လေ”
ထို နာဂစ်ဖွဲ့စည်းပုံထဲမှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာကြီးများသာမက ‘နတ်ကိုးကွယ်မှု’ များကိုပါ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားကြောင်း ဆက်ကြပါလေ၏။ နိုင်ငံတော်မှာ ‘ဗုဒ္ဓဘာသာ’ တခုတည်းကိုသာ ရှေ့တန်းတင်၍ ‘သာသနာပြုမင်း’ လုပ်ချင်၍ မရတော့သည့် ‘၂၁ ရာစု’ ကမ္ဘာရွာခေတ်ဖြစ်ကြောင်းလည်း ဆိုကြပါလေ၏။
အဘစိမ်းမောင်ကား ဝင်၍မဆွေးနွေးသော်ငြား ထိုင်ကာ နားဆင်နေရပါလေ၏။ ဖေကြီးလည်း စိတ်ဝင်စားစွာ နားစိုက်နေဖြစ်ပါလေ၏။
စကားဝိုင်းမှာ ရှေး ‘သာသနာပြုမင်းများ’ အကြောင်းကို ရောက်ရှိသွားလေရာ ‘ကျန်စစ်သားမင်းကြီး’ ဆီ ရောက်ရှိသွားပါလေ၏။
“ကျန်စစ်သားမင်းကြီး နန်းတက်ချိန်ကို သတိရမိတယ်ဟာ”
“အေး . . . ဆိုစမ်းပါအုံးဟ”
ကျန်စစ်သားမင်းကြီး နန်းတက်တဲ့အခါ သူပေးခဲ့တဲ့ကတိပါ တဲ့။
“များစွာသော သူခပ်သိမ်းတို့သည် သားတကွဲ၊ မယားတကွဲ၊ မိကွဲ၊ ဖကွဲ ဖြစ်ကြရကုန်၏။ ထိုသူတို့၏ ဒုက္ခကို ငါ ငြှိမ်းပါအံ့။ ထိုသူတို့၏မျက်ရည်ကို ငါ သုတ်ပါအံ့”
“အင်း . . .”
“အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်ပါအံ့”
“တယ်ကောင်းပါလား”
“‘ငါ၏ လက်ျာလက်ဖြင့် ဆန်စပါး ရိက္ခာကိုပေးအံ့။ ငါ၏ လက်ဝဲလက်ဖြင့် အဝတ်စားတန်ဆာကို ပေးအံ့’ ဆိုတာလေဟာ”
“အေး . . . အဲ့ဒီတော့ . . .”
“အခုအခါ သာသနာဖျက်မင်းကြီး ကြင်စိုး သာဝ မအလလည်း ရာဇဝင်တွင်မယ့်စကား မြွက်ကြားနေတာ ကြာပေါ့ကွာ”
“ဘယ်လိုမျိုးလဲ မူးသာရ”
“‘လက်ျာဘက်လက်ဖြင့် ဗုံးမိုးရွာသတ်ဖြတ်၍ လက်ဝဲဘက်လက်ဖြင့် ဘုရားတည်ပါအံ့’ တဲ့ကွ . . . အာဟ . . . အာဟ . . . အာဟ”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
ဖေကြီး (လေရှီး)