ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့မှာ စစ်ကောင်စီနဲ့ CDF-မရာတို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ Chinland Defense Force-Mara က ထုတ်ပြန်ပါတယ်။
ဇူလိုင် ၈ ရက်နေ့ မွန်းလွဲပိုင်းက CDF- မရာ အမှတ် ၃ တပ်ရင်းရဲ့ ထိန်းချုပ်နယ်မြေ လိုင်လင်းပီမြို့ပေါ်မှာ တိုက်ပွဲဖြစ်ခဲ့ပြီး နာရီဝက်လောက်ကြာတဲ့ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးခဲ့ပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
တိုက်ပွဲအပြီးမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်လို့ မြို့နေပြည်သူအမျိုးသမီးတယောက် သေဆုံးခဲ့ပြီး လူနေအိမ် ၂ လုံးမီးလောင်ပြာကျခဲ့ပါတယ်။
“လိုင်ပီးမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေက ပြည်သူတွေကိုခြိမ်းခြောက်တာတွေ၊ မူးယစ်ရမ်းကားတာတွေ လုပ်ဆောင်နေတာကြာပါပြီ။ မနေ့ကတော့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ” လို့ CDF-မရာ တာဝန်ရှိသူက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့အတွက် မြို့ခံပြည်သူတွေအနေနဲ့ သတိရှိရှိနေထိုင်သွားလာကြဖို့လည်း CDF-မရာက ဆိုပါတယ်။