မနေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ အမျိုးသားတယောက်ကို ဆိုင်ကယ်လုပြီး သတ်ဖြတ်ခဲ့သလို ဖားကန့်မြို့နယ်၊ ဆိပ်မူရွာမှာလည်း ဟိုတယ်ပိုင်ရှင် အမျိုးသမီးတယောက် သတ်ဖြတ်ခံခဲ့ရပါတယ်။
မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက် ကန်သုံးကန်က လူမနေတဲ့အဆောက်အအုံတခုရဲ့ အပြင်ဘက်မှာ နေ့လယ်ပိုင်းက အမျိုးသားအလောင်းတွေ့ခဲ့ရပြီး လူကိုသတ် ဆိုင်ကယ်လုယူသွားတာလို့ မြို့ခံတွေက ဆိုပါတယ်။
မြို့ခံ ပရဟိတသမားတယောက်က “တိုက်ထဲမှာရိုက်လုပြီး အလောင်းကို ဒရွတ်တိုက် ဆွဲထုတ်သွားတာ။ ဘေးတခြမ်းထိသွားတယ်။ ခေါင်းအလယ်တည့်တည့်မှာလည်း ပေါက်ပြဲဒဏ်ရာနဲ့ပါ” လို့ ပြောပါတယ်။
သေဆုံးသူဟာ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်မှာနေထိုင်သူ အသက် ၃၅ နှစ်အရွယ် ကိုဆန်းမျိုးဦးဖြစ်ပြီး ဆိုင်ကယ်ရိုက်လုတယ်လို့ ယူဆရတဲ့ အမျိုးသား ၃ ယောက်ကို သက်ဆိုင်ရာက ရှာဖွေနေပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှာလည်း ဇူလိုင် ၈ ရက် ညပိုင်းက ဟိုတယ်ပိုင်ရှင် အမျိုးသမီးတယောက် အသတ်ခံခဲ့ရပါတယ်။
ရှင်းရင် ဟိုတယ်နဲ့ KTV ပိုင်ရှင် အသက် ၅၀ ကျော်အရွယ်အမျိုးသမီးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က လာရောက်ခေါ်ဆောင်သွားပြီးနောက် အလောင်းကို ဆိုင်းတောင်ကျေးရွာ လမ်းဆုံမှာ စွန့်ပစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတယောက်က “ည ၉ နာရီခွဲလောက်မှာ ဟိုတယ်ပိုင်ရှင် အမျိုးသမီးကို လူ ၄၊ ၅ ယောက်လောက်က ခေါ်သွားတယ်။ ရွာဟောင်းလမ်းဆုံဘက်ခေါ်ပြီး ပစ်သတ်သွားတာ။ အလောင်းကိုလည်း အဲဒီနေရာမှာပဲ စွန့်ပစ်ထားခဲ့တယ်။ ဘယ်အဖွဲ့အစည်းက လုပ်လဲတော့ မသိဘူးဗျ” လို့ ပြောပါတယ်။
ရှင်းရင်ဟိုတယ်မှာ ပြီးခဲ့တဲ့ မေ ၁၂ ရက်နေ့က KIA နဲ့ PDF အဖွဲ့တွေရှိနေတုန်း စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး နှစ်ဖက်ပစ်ခတ်ခဲ့ကြတဲ့အတွက် အမျိုးသား တယောက်နဲ့ ဟိုတယ် ဝန်ထမ်း ၂ ယောက် ကျည်ဆံထိမှန် သေဆုံး ခဲ့ပါသေးတယ်။