ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ ဇူလိုင် ၇ ရက်နေ့က အိမ်ခြံမြေအကျိုးဆောင် အမျိုးသမီးတယောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၃၉ နှစ်အရွယ် ဒေါ်ထိုက်ထိုက်အေးဟာ မိုးညှင်းမြို့၊ ရွာသစ်ကုန်းရပ်ကွက်မှာ နေထိုင်ပြီး မွန်းတည့် ၁၂ နာရီလောက်က မြို့ရှောင်လမ်း၊ လောက်စာတောင်ခြေမှာ လည်ပင်းပြတ်ရှဒဏ်ရာ၊ နံရိုးကြားမှာ ဓားထိုးသွင်း ဒဏ်ရာဒဏ်ချက်တွေနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတာပါ။
လူမှုကူညီရေးလုပ်ပေးခဲ့သူတယောက်က “ခြံဝယ်တဲ့သူလာလို့သွားပြတာ။ သွားပြတဲ့ခြံကလည်း ဘိုးဘွားပိုင်အိမ်ခြံမြေ။ ခြံပြသွားတဲ့အချိန် သေဆုံးသူနဲ့အတူ ၃ နှစ် ကလေးလေးပါ ပါသွားတယ်။ ကလေးက ခေါင်းမှာဒဏ်ရာဒဏ်ချက်တွေနဲ့ ကားလမ်းမပေါ် ရောက်လာတာ။ လမ်းမှာတွေ့တဲ့ အကိုတယောက်က ကလေးကိုခေါ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံကို သတင်းပို့ပေးလို့သိရတာ” လို့ ပြောပါတယ်။
ဖြစ်စဥ်ကို နယ်မြေခံလုံခြုံရေးတပ်ဖွဲ့တွေက စုံစမ်းစစ်ဆေးနေပြီး ထိခိုက်ဒဏ်ရာရထားတဲ့ ကလေးငယ်ကို မိုးညှင်းမြို့ ဆေးရုံကြီးမှာ ကုသပေးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်ကလည်း “အသတ်ခံရတဲ့ အမျိုးသမီးစီးလာတဲ့ ဆိုင်ကယ်ကိုလည်း မယူသွားဘူး။ ပစ္စည်းတွေပျောက်တာလည်း မရှိဘူးဗျ။ ခြံသွားပြတဲ့အချိန်ပဲဖြစ်တာ။ တရားခံက ခြံဝယ်တဲ့လူလို့လည်း အတိအကျ ပြောလို့မရဘူး။ အလောင်းတွေ့တာတော့ ခြံရဲ့အနီးအနားမှာပဲ” လို့ ပြောပါတယ်။
သေဆုံးသူရဲ့ ကျန်ရစ်တဲ့ရုပ်အလောင်းကို မိသားစုဝင်တွေရဲ့ဆန္ဒအရ ဇူလိုင် ၈ ရက် ညနေပိုင်းက မိုးညှင်းသုသာန်မှာ သင်္ဂြိုဟ်လိုက်ပြီလို့ သိရှိရပါတယ်။