မနေ့က သထုံ-ဘားအံကားလမ်းပေါ်မှာ အဝေးပြေးကားက ဆိုင်ကယ်ကိုတိုက်မိလို့ အမျိုးသား ၂ ယောက် သေဆုံးခဲ့ပြီး ကျိုက်မရောမြို့နယ်မှာလည်း ရာဘာဂိုဒေါင်တခု မီးလောင်ခဲ့ပါတယ်။
ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် သထုံ-ဘားအံ ကားလမ်း၊ ဒုံသမိတံတားနားက ဆယ်မိုင်ကုန်းကျေးရွာမှာ ဘားအံဘက်ကလာတဲ့ ခရီးသည်တင် Express က ဆိုင်ကယ်တစီးကို အနောက်ကဝင်တိုက်မိချိန် သထုံဘက်ကလာတဲ့ တခြားဆိုင်ကယ်တစီးကလည်း ကားထဲဝင်တိုးမိခဲ့တာပါ။
အဲဒီမတော်တဆမှုကြောင့် ဆိုင်ကယ် ၂ စီးလုံးက ဆိုင်ကယ်သမား ၂ ယောက်လုံး နေရာမှာ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ သေဆုံးသူအမျိုးသားတွေဟာ အသက် ၃၀၊ ၃၅ နှစ် ဝန်းကျင် အရွယ်တွေဖြစ်ပါတယ်။
“ကားက လမ်းမှာသွားတဲ့ဆိုင်ကယ်ကိုဝင်တိုက်တယ်။ တခြားဆိုင်ကယ်တစီးက ဝင်တိုးလာတော့ ဆိုင်ကယ်သမား ၂ ယောက်ကိုကားက ကြိတ်မိသွားတာပါ” လို့ မျက်မြင်တွေ့သူတယောက်က ပြောပါတယ်။
သေဆုံးသူဆိုင်ကယ်သမားတယောက်ဟာ ဘားအံမြို့နယ်၊ နောင်ကျန်ကျေးရွာမှာ နေထိုင်သူလို့ သိရပြီး နောက်တယောက်ကတော့ မျက်နှာမမှတ်တော့လို့ မိသားစုနဲ့ အဆက်အသွယ်မရသေးပါဘူး။
ပြီးတော့ မနေ့မနက်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ အလှပ်ကုန်းကျေးရွာ ရာဘာခြံတခုထဲက ရာဘာသိုလှောင်တဲ့ ဂိုဒေါင်တခုမှာ ရာဘာမှိုင်းတိုက်ရာကနေ မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။
ရာဘာပေါင်ချိန် ၅၀၀ ကျော်မီးလောင်ခဲ့ပြီး လူထိခိုက်တာတော့ မရှိဘူးလို့ မီးသတ်သမားတယောက်က ပြောပါတယ်။