ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံနှစ်ခုဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ ရာသီဥတုပြောင်းလဲမှုရဲ့ “တည်ရှိနေဆဲ ခြိမ်းခြောက်မှု”ကို တိုက်ဖျက်ဖို့ အတူတကွလုပ်ဆောင်ရမယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျနက် ယယ်လန်က တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ ရာသီဥတုဆိုင်ရာကျွမ်းကျင်သူတွေကို ဇူလိုင် ၈ ရက်မှာ ပြောလိုက်ပါတယ်။
တရုတ်မြို့တော် ဘေဂျင်းကို အလည်အပတ်ခရီးစဉ်အတွင်း အမေရိကန်နဲ့ တရုတ်တို့ကြား ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဟာ ၂၀၁၅ ပါရီသဘောတူညီချက်လိုမျိုး ကမ္ဘာလုံးဆိုင်ရာ အောင်မြင်မှုတွေကို လုပ်နိုင်ခဲ့တယ်လို့ ယယ်လန်က ပြောခဲ့ပါတယ်။
အစိုးရနှစ်ရပ်စလုံးက သူတို့ရဲ့ ရာသီဥတုရည်မှန်းချက်တွေကို ပြည့်မီအောင်ကြိုးပမ်းရာမှာ ထွန်းသစ်စဈေးကွက်တွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ပံ့ပိုးကူညီချင်တယ်လို့လည်း ပြောပါတယ်။
တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး နီကိုးလပ်စ် ဘန်းစ်လည်း တက်ရောက်ခဲ့တဲ့ ပေကျင်းမြို့တော်က ရာသီဥတုဆိုင်ရာစားပွဲဝိုင်းမှာ ပြောခဲ့တဲ့မိန့်ခွန်းထဲမှာ ယယ်လန်က ခုလို ပြောခဲ့တာပါ။
ရာသီဥတု ဘဏ္ဍာရေးဆိုင်ရာ အမေရိကန်-တရုတ် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လုပ်ဖို့ အရေးကြီးပြီး နှစ်နိုင်ငံစလုံးက ပူးပေါင်းဆောင်ရွက်ရမယ့် တာဝန်ရှိတယ်လို့လည်း ယယ်လန်က ဆက်ပြောပါတယ်။
ဒီလိုဆောင်ရွက်ချက်တွေအတွက် ဘဏ္ဍာငွေထောက်ပံ့မှုကို ထိထိရောက်ရောက် ညှိနှိုင်းဆောင်ရွက်သင့်ပြီး သဘာဝပတ်ဝန်းကျင်အတွက် ရာသီဥတုရံပုံငွေ Green Climate Fund (GCF) နဲ့ အမေရိကန် အစိုးရတို့နဲ့အတူ တခြားနိုင်ငံတွေရဲ့ ရာသီဥတုဆိုင်ရာ အဖွဲ့အစည်းတွေအတွက် တရုတ်ပြည်မကြီးအစိုးရရဲ့ ပံ့ပိုးကူညီမှုဟာ အကျိုးသက်ရောက်မှုကို မြှင့်တင် နိုင်တယ်လို့လည်း ယယ်လန်က ပြောခဲ့ပါတယ်။
Source-Reuters