၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က မြန်မာနိုင်ငံကို အာဏာသိမ်းပြီး ၂ နှစ်အကြာ ၂၀၂၃ ခုနှစ်မှာ နိုင်ငံရဲ့ ကြီးထွားလာတဲ့ တော်လှန်ရေးအင်အားစုတွေဟာ နိုင်ငံပြင်ပမှာ အာရုံစိုက်မှု မရှိသလောက် ဖြစ်လာပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ရှေ့တန်းတင်တဲ့ ဒီမိုကရေစီ အတိုက်အခံတွေဟာ ကွဲပြားတဲ့အဖွဲ့တွေ၊ စစ်တပ်တွေနဲ့ တသီးပုဂ္ဂလတွေ ပါဝင်ပြီး ကြီးမားတဲ့ စစ်မြေပြင် အောင်မြင်မှုတွေအတွက်ပင် အာရုံစိုက်မှုရရှိဖို့ ရုန်းကန်နေရပါတယ်။
အထူးသဖြင့် စစ်အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖြိုခွင်းမှုကို တိုက်ဖျက်ဖို့ အနောက်နိုင်ငံတွေဆီက အတိုက်အခံတွေရဲ့ လက်နက်တောင်းခံမှုကို ဂရုမစိုက်ကြပါဘူး။
ရုရှားနဲ့ ယူကရိန်းစစ်ပွဲအပေါ် အနောက်နိုင်ငံအုပ်စုတွေရဲ့ တုံ့ပြန်ပုံနဲ့ မြန်မာနိုင်ငံပေါ် တုံ့ပြန်ပုံ ကွာခြားချက်ဟာ လုံးဝထင်ရှားနေပါတယ်။ ပဋိပက္ခနှစ်ခုဟာ လုံးလုံးလျားလျား တူညီတာမျိုး မဟုတ်ပေမဲ့ ယူကရိန်းဟာ နိုင်ငံတကာအသိုက်အဝန်းကို သိသိသာသာ တုန်လှုပ်သွားစေခဲ့ပြီး မြန်မာနိုင်ငံကတော့ လုံးဝနီးပါး လျစ်လျူရှုခံခဲ့ရပါတယ်။
ဂုဏ်ကျက်သရေကင်းမဲ့နေတဲ့ စစ်တွင်းကာလ ပုံပန်းသွင်ပြင်
စစ်တွင်းကာလ ပုံပန်းသွင်ပြင်ရဲ့ တစိတ်တပိုင်းဟာ ဗဟို၊ အထင်ကရ ခေါင်းဆောင်တဦးရဲ့ မြင်နိုင်စွမ်းနဲ့ သက်ဆိုင်ပါတယ်။ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား လူထုခေါင်းဆောင်တွေကို ပိတ်လှောင်ခံထားတာကြောင့် မြန်မာ့တော်လှန်ရေး အင်အားစုတွေမှာ နိုင်ငံတကာက အများသူငါ အသိအမှတ်ပြုနိုင်တဲ့ မျက်နှာစာ မရှိပါဘူး။
NUG မှာတော့ ရံဖန်ရံခါ YouTube နဲ့ ဆိုရှယ်မီဒီယာတွေမှာ ပါဝင်တဲ့ ယာယီသမ္မတ ဒူဝါ လရှီးလဟာ နိုင်ငံရဲ့မြောက်ဘက်က ကချင်တိုင်းရင်းသားတွေကြားမှာ နာမည်ကောင်းရပေမဲ့ ကမ္ဘာလုံးဆိုင်ရာနဲ့ အမျိုးသားအဆင့်မှာတောင် အသိအမှတ်ပြုခံရရုံမျှသာ ဖြစ်နေပါတယ်။
ဆန့်ကျင်ဘက်အနေနဲ့ ယူကရိန်းသမ္မတ ဗလာဒီမာ ဇလန်းဇကီးဟာ စစ်အတွင်းမှာ တပ်မှူးအဖြစ် အသွင်ပြောင်းခဲ့တာကြောင့် ကမ္ဘာလုံးဆိုင်ရာပုံရိပ်ကို ကြီးမားစေခဲ့ပါတယ်။ သူဟာ နိုင်ငံခြားပါလီမန်တွေကို ဂရုတစိုက် ဇာတ်ညွှန်းရေးထားတဲ့ မိန့်ခွန်းတွေနဲ့ ယူကရိန်းပြည်သူတွေနဲ့ အဓိက နိုင်ငံတကာအစည်းအဝေး နှစ်ခုစလုံးအတွက် အားတက်သရော မိန့်ခွန်းတွေ ဟောပြောခဲ့ပါတယ်။
ယူကရိန်းတိုက်ပွဲရဲ့ နောက်ထပ်အဆင့်ကို အာရုံစိုက်ဖို့ သူ့ရဲ့ အဆက်မပြတ် ကြိုးပမ်းအားထုတ်မှုတွေက သူ့ပြည်သူတွေကို စိတ်အားထက်သန်စေခဲ့ပြီး ယူကရိန်းအလံကို အာဏာရှင်တွေရဲ့မျက်နှာမှာ အံတုမှုရဲ့ အစွမ်းထက်တဲ့ သင်္ကေတအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။
ရိုးရှင်းတဲ့ဇာတ်ကြောင်းမရှိခြင်း
ယူကရိန်းက ဒစ်ဂျစ်တယ် စစ်မြေပြင်ကိုလည်း ကျွမ်းကျင်ပါတယ်။ သူတို့ရဲ့ခေါင်းဆောင်တွေက ဇာတ်ကြောင်းကို ရိုးရှင်းစေပြီး အနောက်ဒီမိုကရေစီ သင်္ကေတနဲ့ ရုပ်ပိုင်းဆိုင်ရာပံ့ပိုးမှု နှစ်ခုစလုံးကို ပေးဆောင်ဖို့ တွန်းအားပေးတဲ့ “အကောင်း” နဲ့ “အဆိုး” ကို အလေးပေးဖို့အတွက် အားကောင်းတဲ့ နည်းလမ်းတွေနဲ့ ချိန်ညှိထားပါတယ်။
မြန်မာနိုင်ငံမှာတော့ လူမျိုးရေး၊ ဘာသာဗေဒ၊ ပထဝီဝင်၊ အတွေးအခေါ်၊ သမိုင်းနဲ့ တခြားအရာတွေရဲ့ ရှုပ်ထွေးမှုဟာ စစ်ပွဲဇာတ်ကြောင်းကို စုစည်းထိန်းသိမ်းဖို့ ပိုမိုခက်ခဲစေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ဖြစ်ပွားခဲ့တဲ့ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုဟာ ရက်စက်ကြမ်းကြုတ်တဲ့ မြန်မာစစ်တပ်နဲ့ ရင်ဆိုင်ရတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တဦးရဲ့ အရင်က ရိုးစင်းတဲ့ပုံရိပ်မှာ အစွန်းအထင်းတခု ဖြစ်လာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရဟာ သွေးထွက်သံယို သုတ်သင်ရှင်းလင်းမှုကို လုပ်ဆောင်တဲ့ စစ်တပ်အပေါ် ကြီးကြပ်ကွပ်ကဲမှု ဒါမှမဟုတ် ထိန်းချုပ်မှု မရှိခဲ့ပေမဲ့ ၂၀၁၉ ခုနှစ် နိုင်ငံတကာ တရားမျှတမှု တရားရုံးမှာ တပ်မတော်ရဲ့လုပ်ရပ်ကို ခိုင်မာစွာ ခုခံကာကွယ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံတကာရဲ့ သဘောထားကို သိသိသာသာ ပြောင်းလဲသွားစေခဲ့ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ဇာတ်ခုံမှာ အဖုံဖုံ သရုပ်ဆောင်သူ
ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာသဘောအရ မြန်မာနိုင်ငံဟာ အနောက်နိုင်ငံတွေအတွက် အမြဲလိုလို နောက်ထပ်ထင်မြင်ယူဆချက်တခု ဖြစ်ပါတယ်။
ဆန့်ကျင်ဘက်အနေနဲ့ ရာစုနှစ်တခုထက်ပိုပြီး ယူကရိန်းဟာ အထူးသဖြင့် အနောက်နိုင်ငံတွေနဲ့ မော်စကိုအစိုးရတို့အကြား ပြိုင်ဆိုင်မှုမှာ ဗျူဟာမြောက် နေရာတခု ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ယူကရိန်းကို နျူးကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ ရုရှားက တိုက်ခိုက်မှုတွေကို ပထဝီဝင်နိုင်ငံရေးအရ ခြိမ်းခြောက်မှုအဖြစ် အနောက်နိုင်ငံတွေက ရှုမြင်ကြပါတယ်။
ဒါကြောင့် အမေရိကန်တနိုင်ငံတည်းက ယူကရိန်းကို ၂၀၂၂ ခုနှစ်မှာ စုစုပေါင်းအကူအညီ အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံလောက် ကတိပြုခဲ့ပြီး တဝက်ခန့်ဟာ စစ်ရေးအကူအညီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကတော့ အရေးပါမှုနည်းပါးတဲ့နေရာ ဖြစ်တာကြောင့် နိုင်ငံတကာ အသိုက်အဝန်း အများစု (အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ဒေသဆိုင်ရာအဖွဲ့၊ အာဆီယံ အပါအဝင်) ဟာ ခုခံတိုက်ခိုက်ရေးသမားတွေအတွက် စစ်ရေးပံ့ပိုးမှုပေးဖို့ တွန့်ဆုတ်နေကြပါတယ်။
သမိုင်းကြောင်းအရ အစိုးရဆန့်ကျင်ရေးတပ်တွေကို ထောက်ပံ့ဖို့အတွက် မြန်မာနိုင်ငံအတွင်းကို မှောင်ခိုလက်နက်တွေ မှောင်ခိုတင်သွင်းလာတာဟာ အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့် ထိုင်းနဲ့ အိန္ဒိယတို့ကို တံခါးပေါက်တွေအနေနဲ့ အသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ယနေ့မှာတော့ ဘန်ကောက်နဲ့ နယူးဒေလီက ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံရဲ့ အရှုပ်အထွေးတွေမှာ ပါဝင်ဖို့ ဝန်လေးနေကြပါတယ်။
ယနေ့ မြန်မာနိုင်ငံအတွင်းကို လက်နက်တွေနဲ့ တခြားဆက်စပ်ပစ္စည်းတွေ ဝင်ရောက်စီးဆင်းလာတဲ့အခါမှာ ငြင်းဆိုနိုင်သလောက် တိတ်တဆိတ် လှုပ်ရှားနေကြပါတယ်။ အနောက်နိုင်ငံအစိုးရတွေဟာ လူသိရှင်ကြား လက်နက်နဲ့ခုခံမှုကို လူသိရှင်ကြား ထောက်ပံ့ပေးခြင်း မရှိတာကြောင့် တိုက်ခိုက်ရေးသမားတွေဟာ လက်နက်တွေဝယ်ယူဖို့ လူစုလူဝေးနဲ့ ရန်ပုံငွေရှာဖွေကာ သိမ်းဆည်းထားတဲ့ သတ္တုတွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို အသုံးပြုကြရပါတယ်။
တချိန်တည်းမှာ စစ်အာဏာရှင်တွေဟာ ရုရှားနဲ့ တရုတ်နိုင်ငံတို့က ဝယ်ယူထားတဲ့ လက်နက်ကြီးတွေ အများအပြားကို တည်ဆောက်ခဲ့ပြီး အမေရိကန်၊ ဂျပန်နဲ့ ပြင်သစ်လို နိုင်ငံတွေရဲ့ ကုမ္ပဏီတွေဆီက ထောက်ပံ့ရေးပစ္စည်းတွေနဲ့ ပြည်တွင်းမှာပဲ လက်နက်ထုတ်လုပ်နေပါတယ်။
မြန်မာနဲ့ ယူကရိန်း နှစ်နိုင်ငံမှာ ဆက်စပ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု နှစ်ခုဟာ သည်ဟိဂ်က အပြည်ပြည်ဆိုင်ရာ တရားမျှတမှု တရားရုံးကို အရေးယူဆောင်ရွက်နေပြီး ယူကရိန်း ကိစ္စကတော့ ၁၂ လအောက်သာ ရှိသေးပေမဲ့ အနောက်နိုင်ငံအားလုံးနီးပါးက တရားဝင် ဝင်ရောက်စွက်ဖက်မှု ၃၃ ခု ရှိနေပါတယ်။
ဆန့်ကျင်ဘက်အနေနဲ့ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်တဲ့ မြန်မာအမှုကို ၂၀၁၉ ခုနှစ်မှာ စတင်အရေးယူ ဆောင်ရွက်ခဲ့ပေမဲ့ နိုင်ငံတနိုင်ငံကမှ တရားဝင် ဝင်ရောက်စွက်ဖက်ခြင်း မရှိသေးပါဘူး။
ဒီမိုကရေစီကို ပံ့ပိုးနိုင်မယ့် အခွင့်အလမ်းတခု
မြန်မာပဋိပက္ခအပေါ် နိုင်ငံတကာက တုံ့ဆိုင်းနေရတဲ့ နောက်တချက်က အထူးသဖြင့် အာဆီယံဒေသတွေမှာ မြန်မာနိုင်ငံရဲ့ အာဏာသိမ်းသူတွေက နောက်ဆုံးမှာ မြေပြင်ကို ထိန်းချုပ်ဆုပ်ကိုင်ထားပြီး အာဏာကို ဆက်လက်ထိန်းသိမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတာကြောင့် ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီအကဲဖြတ်ချက်က မှန်သလားလို့ မေးစရာရှိလာပါတယ်။ အာဏာသိမ်းပြီး ၂ နှစ်ကြာ ဆန္ဒပြမှုတွေနဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေအပြီး ၂၀၂၃ အစောပိုင်းမှာ စစ်အစိုးရဟာ အထူးသဖြင့် အင်အားနည်းလာပုံရပါတယ်။
အထူးသဖြင့် မလေးရှားနဲ့ အင်ဒိုနီးရှားတို့က အာဆီယံအတွင်း သြဇာကြီးမားတဲ့ အသံတွေဟာ မြန်မာစစ်တပ်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လာကြတာကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။
မြန်မာစစ်အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စီမံခန့်ခွဲမှုတွေကြောင့် ဒေသတခုလုံးရဲ့ ဂုဏ်သိက္ခာ ပျက်စီးနေတာကို လိုလားကြပုံ မရပါဘူး။ စစ်အစိုးရဆန့်ကျင်ရေး အင်အားစုတွေက အရေးပါတဲ့ မြေပြင်ကို သိမ်းယူနေကြတာကိုလည်း အာဆီယံက သိရှိထားကြပါတယ်။
ဒီလိုအခြေအနေတွေအောက်မှာ နိုင်ငံတကာအသိုက်အဝန်းက ဒီစစ်ပွဲပြီးဆုံးပြီးနောက် မြန်မာနိုင်ငံအတွက် အနာဂတ်ကို ထည့်သွင်းစဉ်းစားပြီး ပိုမိုလျင်မြန်စွာ လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။
ဆိုလိုတာကဝောာ့ နိုင်ငံတကာတရားဝင်မှုရရှိဖို့၊ စစ်တပ်ရဲ့စွမ်းရည်ကို သိသိသာသာ ကန့်သတ်ထားဖို့၊ စစ်ဗိုလ်ချုပ်တွေကို လက်နက်နဲ့ ငွေကြေးအရင်းအမြစ်တွေ ခန်းခြောက်ဖို့ ကြိုးပမ်းမှုတွေနဲ့ နိုင်ငံတကာတရားရုံးတွေမှာ စစ်ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှုတွေကို ပံ့ပိုးပေးဖို့ ဖြစ်ပါတယ်။
တချိန်တည်းမှာပင် မြန်မာ့တော်လှန်ရေးတပ်ဖွဲ့တွေက စစ်မြေပြင်မှာရော ထိခိုက်ဒဏ်ရာရနေတဲ့ လူ့အဖွဲ့အစည်းကို ပြန်လည်တည်ဆောက်ဖို့ပါ အရပ်ဘက် ကြိုးပမ်းမှုတွေမှာ ပံ့ပိုးကူညီမှုတွေ လိုအပ်နေပါတယ်။
ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာဟာ နှစ်ပေါင်းများစွာအတွင်းမှာ အနောက်နိုင်ငံတွေရဲ့ စစ်အင်အားတွေဟာ ဒီမိုကရေစီကိုပံ့ပိုးဖို့ အောင်မြင်စွာ အသုံးပြုနိုင်တာကို ထင်ရှားစွာ ပြသခဲ့ပါတယ်။ တကယ်လို့သာ ယူကရိန်းကို ထောက်ပံ့မှုရဲ့ အနည်းငယ်ကိုသာ မြန်မာနိုင်ငံရဲ့ ခုခံတိုက်ခိုက်ရေးသမားတွေကို ပံ့ပိုးပေးခဲ့မယ်ဆိုရင် အာရှရဲ့အလယ်ဗဟိုမှာ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ဖို့ အခွင့်အရေးပေးနိုင်မှာ ဖြစ်ပါတယ်။
လီလီ
Ref: The conversation
(The Conversation ဝက်ဘ်ဆိုက်မှာ ဆောင်းပါးရှင် Nicholas Farrelly နဲ့ Adam Simpson တို့ရေးသားထားတဲ့ “Why has the West given billions in military aid to Ukraine, but virtually ignored Myanmar?” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)