တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေက ပြည်နယ်အဆင့် ဒေသကြီး ဆယ်ခုမှာ မိုးသည်းသည်း ထန်ထန် ရွာသွန်းလို့ မြစ်ရေတွေ စိုးရိမ်ရေမှတ် အထက်ကို ကျော်လွန်မြင့်တက်ခဲ့တဲ့အပြင် လာမယ့် ၃ ရက် အတွင်း မိုးပိုရွာမယ်လို့ ခန့်မှန်း ထားပါတယ်။
ဒါကြောင့် ရေလွှမ်းမိုးမှု ထိန်းချုပ်နိုင်ဖို့ တရုတ်နိုင်ငံရဲ့ ပြည်နယ် ရေလွှမ်းမိုးမှု ထိန်းချုပ်ရေးနဲ့ မိုးခေါင်မှု ကယ်ဆယ်ရေးဌာနချုပ်က အဆင့်လေး အရေးပေါ် တုံ့ပြန်ချက် ထုတ်ပြန်ထားပါတယ်။
သောကြာနေ့ကစပြီး မိုးကြီးခဲ့လို့ နိုင်ငံအရှေ့မြောက်ပိုင်းပြည်နယ် ၃ ခုဖြစ်တဲ့ ကျိလင်း၊ ဟေလောင်ကျန်းနဲ့ လျောင်နင်းပြည်နယ်တွေမှာ ရေလွှမ်းမိုးခဲ့ပြီး တချို့ နေရာတွေမှာ မိုးသီး မုန်တိုင်းကျရောက်တာ၊ ရုတ်တရက်ရေကြီးတာနဲ့ ရွှံ့နွံတွေ ပြိုကျ စီးဆင်းတာတွေ ဖြစ်ခဲ့ပါတယ်။
ဒေသတွင်း စောင့်ကြည့်ရေးစခန်းတွေရဲ့ အဆိုအရ လျောင်နင်းပြည်နယ်တစ်ခုတည်းက မြစ် ၂၀ နီးပါးမှာ ရှိတဲ့ ရေပမာဏဟာ မိုးရွာသွန်းပြီးတဲ့နောက် သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။
နိုင်ငံအနောက်တောင်ပိုင်း၊ ကွေ့ကျိုးပြည်နယ်က မြစ်တချို့က သတိပေးချက်အဆင့်ထက် ကျော်လွန်နေခဲ့ပြီး ဖြစ်ပါတယ်။
ပြည်နယ်အတွင်း မြို့ပြတချို့မှာ ရွှံ့ရေတွေ ဆိုးဆိုးရွားရွား နစ်မြုပ်ခဲ့ပြီး ရာချီတဲ့ ဒေသခံတွေကို မြေနိမ့်ပိုင်းနေရာတွေကနေ ရွှေ့ပြောင်းပေးခဲ့ ရပါတယ်။
တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံချင်းစည်ပင်ဒေသမှာ မိုးသည်းလို့ မြေပြိုခဲ့ပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေက ထိခိုက်ပျက်စီးနေတဲ့ လမ်းတွေပေါ်မှာ သွားလာမှုပြန်ကောင်းလာစေဖို့ ကြိုးပမ်းနေပါတယ်။
တရုတ်နိုင်ငံမှာ ရေလွှမ်းမိုးမှုထိန်းချုပ်ရေး အရေးပေါ်တုံ့ပြန်ရေးစနစ် လေးခုရှိပြီး အဆင့်တစ်က အပြင်းထန်ဆုံး တုံ့ပြန်မှုပါ။
နိုင်ငံအတွင်း မိုးသက်မုန်တိုင်းတွေအတွက် စနေနေ့မှာ မိုးလေဝသအာဏာပိုင်တွေက အရောင်-ကုတ် ရာသီဥတုသတိပေးစနစ်ရဲ့ အနိမ့်ဆုံးဖြစ်တဲ့ အပြာရောင်သတိပေးချက်ကို သက်တမ်းတိုး ခဲ့ပါတယ်။
လာမယ့် သုံးရက်အတွင်း နိုင်ငံအရှေ့ဘက်က အန်းဟွေနဲ့ ကျန်စု ပြည်နယ်တွေနဲ့ နိုင်ငံ အရှေ့မြောက်ဘက်က ပြည်နယ်သုံးခုမှာ မိုးဆက်တိုက်ရွာသွန်းမယ်လို့ ခန့်မှန်း ထားပါတယ်။
Source-Reuters