မက္ကဆီကိုနိုင်ငံပိုင် ရေနံကုမ္ပဏီ Pemex က လုပ်ကိုင်နေတဲ့ ကန်တာရဲလ် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့တွင်းမှာရှိတဲ့ Nohoch Alfa ကမ်းလွန်ပလက်ဖောင်းတခုမှာ ဇူလိုင် ၇ ရက် မနက်အစောပိုင်းက မီးလောင်ခဲ့လို့ အလုပ်သမား ၂ ယောက် သေဆုံးပြီး တယောက် ပျောက်ဆုံးနေပါတယ်။
ဒေသစံတော်ချိန် မနက် ၅ နာရီ ၂၅ မိနစ်မှာ မီးလောင်မှုဖြစ်ပွားပြီး အလုပ်သမား ၃၂၁ ယောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ကြောင်း Pemex နိုင်ငံပိုင် ရေနံကုမ္ပဏီက သတင်းထုတ်ပြန် ထားပါတယ်။
အနီးနားကစက်လှေတွေဟာ အဆောက်အဦတွေကို ရေပိုက်တွေနဲ့ မီးငြှိမ်းသတ်နေကြတာကြောင့် Pemex အမှုဆောင်အရာရှိချုပ် အော့တာဗီယို ရိုမဲရိုဟာ မီးငြိမ်းသတ်ရေးအတွက် ပလက်ဖောင်းပေါ်ကို ရဟတ်ယာဉ်နဲ့ လိုက်လံကြည့်ရှု ကြီးကြပ်ခဲ့ပါတယ်။
မီးငြှိမ်းသတ်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး မီးလောင်မှု အတိုင်းအတာနဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
နိုင်ငံပိုင် ရေနံကုမ္ပဏီရဲ့ သတင်းထုတ်ပြန်ချက်အရ Nohoch-Alfa ပလက်ဖောင်းမှာ မီးစတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး နောက်တော့ ကွန်ပရက်ရှင်း ပလက်ဖောင်းကို ပျံ့နှံ့လောင် ကျွမ်းသွားခဲ့ကြောင်း သိရပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ မီးလောင်မှုကြောင့် ရေနံထုတ်လုပ်မှု သိသိသာသာ ထိခိုက်ခဲ့ကြောင်း ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
Nohoch-Alfa ပလက်ဖောင်းဟာ ကုမ္ပဏီရဲ့ ကန်တာရဲလ် လုပ်ကွက်မှာ လည်ပတ်လုပ်ကိုင်နေပြီး တနေ့ကို စည်ပေါင်း ၁ သိန်း ၇ သောင်း ဝန်းကျင်နဲ့ တချိန်က ကမ္ဘာ့အထွက်နှုန်း အများဆုံး ဖြစ်ခဲ့ဖူးကြောင်း ကုမ္ပဏီ အချက်အလက်တွေက ဆိုပါတယ်။
Source-Reuters