ပါကစ္စတန်နိုင်ငံမြောက်ပိုင်း ခိုင်ဘာပက်ရှ်တွန်ခွာ ပြည်နယ်ထဲက ဝေးလံခေါင်သီတဲ့ ရှန်ဂလာခရိုင် မှာ မုတ်သုံမိုး ရွာသွန်းပြီးချိန် ဇူလိုင် ၆ ရက် ညနေပိုင်းက ခရစ်ကတ် ကစားနေကြရင်း မြေပြိုကျတာကြောင့် ကလေး ၈ ယောက် သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ဇူလိုင် ၇ ရက် မှာ ပြောကြားပါတယ်။
ကလေးတွေအားလုံးဟာ အသက် ၁၂ နှစ်မှ ၁၅ နှစ်ကြား ဖြစ်ကြပါတယ်။ ၁၅ ယောက်နီးပါး ရှိတဲ့ ကလေးတွေဟာ မိုးတွေရွာပြီးချိန်မှာ သဲကျောက်တုံးတခုအနီး ခရစ်ကတ်ကွင်း လုပ်နေတုန်း မြေပြိုကျသွားတာမှာ မြေကြီးထဲနစ်မြုပ်သွားကုန်တာဖြစ်ကြောင်း ခရိုင်အရေးပေါ်တပ်ဖွဲ့က အရာရှိ ဆနာအူလာခန်က ရိုက်တာကို ပြောပါတယ်။
ဒေသတွင်း ကယ်ဆယ်ရေးအဖွဲ့တွေဟာ နောက်ပိုင်းမှာ ပါကစ္စတန်စစ်တပ်နဲ့ပူးပေါင်းပြီးတော့ နာရီ ပေါင်းများစွာ ကြိုးစားအားထုတ်ပြီးနောက်မှာ ရုပ်အလောင်း ၈ လောင်းကို ဆွဲထုတ်ခဲ့ကြောင်းလည်း သူက ပြောပါတယ်။
ကလေးငယ်တယောက်ကတော့ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ကျန်တယောက်ကတော့ ထိခိုက်ဒဏ်ရာ မရှိခဲ့ကြောင်း သိရပါတယ်။
Source-Reuters