စပါးအသင်းမှာရှိစဉ်တုန်းကထက်ပိုကောင်းတဲ့ နည်းပြဖြစ်လာပြီလို့ ချဲလ်ဆီးနည်းပြသစ် ပိုချက်တီနိုကပြောပါတယ်။
ချဲလ်ဆီးနည်းပြအဖြစ် ဇူလိုင် ၇ ရက်က ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာမှာ အရင်ကထက် အများကြီးပိုကောင်းတဲ့နည်းပြဖြစ်လာကြောင်း နည်းပြပိုချက်တီနိုက ကိုယ့်ကိုယ်ကို ပြန်လည်ချီးကျူးခဲ့တာပါ။
နည်းပြပိုချက်တီနိုက“အတွေ့အကြုံတွေက ပွဲစဉ်တွေနဲ့ပတ်သက်ပြီး ဘယ်လိုကောင်းမွန်အောင် လုပ်ဆောင်ရမလဲဆိုတဲ့ သိနားလည်မှုတွေရရှိပါတယ်။ ခုချိန်မှာကျနော်က အရင်ကထက် ပိုကောင်းတဲ့နည်းပြ၊ ပို ကောင်းတဲ့ လူတစ်ယောက်ဖြစ်လာပါပြီ။ ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့တော့လိုပါသေးတယ်။ ဒါကပဲ စိတ်ဓာတ်လှုံ့ဆော်မူဖြစ်စေပြီး အဲဒီလိုသက်သေပြရတာကလည်း ကျနော်ရဲ့ ဗီဇ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်” ပြောပါတယ်။
အာဂျင်တီးနားလူမျိုးနည်းပြ ပိုချက်တီနိုဟာ ၂၀၁၃ ခုနှစ်မှာ ဆောက်သမ်တန်အသင်းရဲ့ နည်းပြဖြစ်လာပြီး ၂၀၁၄ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ စပါးအသင်းကိုတာဝန်ယူခဲ့ပါတယ်။
အဲဒီနောက် ပီအက်စ်ဂျီမှာတစ်ရာသီတာဝန်ယူခဲ့ပြီး လက်ရှိအချိန်မှာတော့ ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့လာပြီး ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။