Home
မြန်မာသတင်း
ယင်းမာပင် PDF စခန်း စီးနင်းခံရပြီး ၂ ဦး ကျဆုံး၊ ဝက်လက် စစ်ဘေးရှောင်များ မိုးကာနှင့်ဆေးဝါး လိုအပ်
DVB
·
July 7, 2023
358588717_1218223438751685_8452897561877415491_n
Screenshot 2023-07-07 152409

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်လုပ်ရေးစခန်းကို စစ်ကောင်စီတပ်က ဇူလိုင် ၆ ရက် ညနေ ၄ နာရီမှာ ဝင်ရောက်စီးနင်းခဲ့တာကြောင့် ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေဆီက သိရပါတယ်။

စခန်းဝင်စီးရင်း စစ်ကောင်စီက ရမ်းသန်းပစ်ခတ်မှုကြောင့် ၅ နှစ်အရွယ် ကလေးငယ်တဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

‌ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက “အစီးခံရတာ ညနေ ၄ နာရီလောက် ဝင်အစီးခံရတာပါ။ စခန်းက မောက်သရက်ရွာနဲ့ ကောင်းဆင့်ရွာကြား ရွာသာယာရွာအရှေ့ဘက် ရွှေတောင်ကုန်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးစခန်းကို ဝင်စီးခံရတာပါ။ စခန်းဝင်ရောက်စီးနင်းခံရပြီး လက်ရှိ ရဲဘော် ၂ ဦးကျတယ်။ ၁  ဦး ဒဏ်ရာပြင်းထန်ရထားတယ်။ ရွာသာယာရွာက ၅ နှစ်က‌လေး လက်နက်ကြီးမှန် သေတာလည်းရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ထိုးစစ်နဲ့ ခံစစ်ကောင်းအောင်လုပ်တာဟာ အကောင်းဆုံး တိုက်စစ်ဆိုတဲ့ နည်းဗျူဟာကိုသုံးပြီး PDF စခန်းတွေကို ခံစစ်ကနေ တိကျအောင် သတင်းအချက်အလက်တွေ စုဆောင်းစုံစမ်းပြီးမှ စစ်အင်အားအနည်းငယ်နဲ့ ထိုးစစ်ဆင်တာတွေ ပြုလုပ်နေတာကြောင့် စစ်ကိုင်းတိုင်းအတွင်းက PDF တွေ ဒီလပိုင်းမှာ ကျဆုံးနေရတယ်လို့ စစ်ကိုင်း စစ်ရေး နိုင်ငံရေး စောင့်ကြည့်သူ ကိုစိုးဝင်းဆွေက ပြောပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက် ညနေပိုင်းကလည်း ဝက်လက်မြို့နယ် အရှေ့ခြမ်းက ဗိုလ်ကျားကြီး LPDF အဖွဲ့ရဲ့ လက်နက်ထုတ်လုပ်ရေးစခန်းတခုကို အခုလို ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့တယ်လို့ စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေကျင်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် တိမ်းရှောင်နေရတဲ့ ပြည်သူတွေ တောထဲမှာ နေထိုင်နေရပြီး မိုးတွင်းကာလဖြစ်တာကြောင့် မိုးကာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေပါတယ်။

ရွှေကျင်ကျေးရွာကို စစ်ကောင်စီတပ်က ဇူလိုင် ၃ ရက်နေ့မှာ မီးရှို့ခဲ့တာကြောင့် နေအိမ် ၃၅ လုံး မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံရွာသားတွေ ထွက်ပြေး တိမ်းရှောင်နေရတာလို့ ဝက်လက်မြို့နယ် ထောက်ပို့အဖွဲ့မှ ကိုဖေဖော်ဝါရီဝမ်းက ပြောပါတယ်။

“ခုရက်ပိုင်း မိုးက ညပိုင်းမှာရွာတယ်။ စစ်သားတွေပြန်လာမှာ ကြောက်လို့ ရွာထဲ မပြန်ရဲကြသေးဘူး။ တောထဲမှာ မိုးကာတွေနဲ့ တဲထိုးပြီး နေနေရတယ်။ မိုးကတော့မလုံဘူး။”

ရွှေကျင်ကျေးရွာက စစ်ရှောင်တွေနဲ့ နေအိမ်မီးရှို့ခံထားရသူတွေ တောထဲမှာ နေထိုင်နေရကာ မိုးတွင်းကာလဖြစ်တာကြောင့် မိုးကာအရေးပေါ်လိုအပ်နေပြီး ဆေးဝါးအကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

စဥ့်ကူးမြို့နယ် ထုံးကြီးဘက်ကနေလာတဲ့ စစ်သား ၈၀ ဝန်းကျင်ပါ စစ်ကြောင်းက ရွှေကျင်ကျေးရွာကို ဝင်ရောက်ပြီး ဇူလိုင် ၃ ရက် ညနေက မီးရှို့ခဲ့တဲ့အပြင် ရွှေညောင်တော်ဘုရားပေါ်မှာ မိုင်းအတုတွေပါ ဆင်ခဲ့သေးတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024