နေပြည်တော် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် ၄၄ ဝင်းထဲမှာရှိတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းရုံးချုပ်က ဦးစီးအရာရှိ ၅ ဦးနဲ့ ဝန်ထမ်း ၃ ဦးကို ဇူလိုင် ၆ ရက် ညနေမှာ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းရုံးချုပ်က သတင်းအချက်အလက် ပေါက်ကြားမှုနဲ့ ဝန်ထမ်းတချို့ကို စစ်ဆေးဖို့ သတင်းတွေထွက်ပေါ်ပြီးနောက် အခုလို ဖမ်းဆီးခံရတာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“MOGE မှာ NUG နဲ့ PDF တွေ ထောက်ပံ့တဲ့သူတွေရှိတယ်ဆိုပြီး လာစစ်တယ်ဆိုပြီး စစ်တပ်က ဝင်လာတာ။ အမှန်က ဝန်ထမ်းတွေကို လာဖမ်းတာ၊ ၈ ယောက် အဖမ်းခံရတယ်။”
အမှတ် ၄၄ ရုံးဝင်းထဲကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးရာမှာ ရုံးတွင်းနဲ့ ရုံးအပြင်ကို အဆက်အသွယ်တွေ ဖြတ်တောက်ပြီးမှ ဖမ်းဆီးသွားတာလို့ အမည်မဖော်လိုသူ MOGE ဝန်ထမ်းတဦးက ပြောပါတယ်။
“စစ်သားတွေ ဝင်လာတဲ့အချိန် ရုံးဝင်းကြီးကိုပိတ်ပြီး ဖမ်းတာ။ ဌာနကနေ အပြင်ရောက်နေတဲ့သူ အထဲပေးမဝင်ဘူး၊ ဖုန်းဆက်လို့မရဘူး။ အထဲကသူတွေကျတော့ ဖုန်းတွေသိမ်းပြီး စစ်ဆေးတာ။ ဝင်စာ/ထွက်စာ ဌာနကို အရင်စစ်တယ်။ ပြီးတော့ စီမံရေးရာနဲ့ ငွေစာရင်းကိုစစ်တာ။ အဖမ်းခံရတဲ့သူတွေရှိတယ်။ ဘာကြောင့်ဖမ်းလဲဆိုတာ ဘယ်သူမှမသိကြဘူး။”
အခုလို ဖမ်းဆီးခံရတာဟာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ဗဟိုဘဏ်ကို တင်ပြခဲ့တဲ့ ငွေစာရင်းပြောင်းလဲထုတ်ပေးရေး အစီရင်ခံစာနဲ့ ဆက်စပ်မှုရှိတယ်လို့ MOGE နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
လတ်တလောမှာ MOGE က ဦးစီးအရာရှိ အပါအဝင် ၈ ဦးကို နေပြည်တော်ကောင်စီ နယ်မြေရှိ စစ်ကြောရေးတခုမှာ စစ်ဆေးနေတယ်လို့ ဝန်ထမ်းအသိုက်အဝန်းက သိရပါတယ်။