သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းက ဂျန်နင်းန်မြို့မှာ ဒီသီတင်းပတ်အစောပိုင်းက စစ်ရေးအရ စီးနင်းမှုတွေဟာ ပါလက်စတိုင်းတွေနဲ့ တိုက်ပွဲဖြစ်တာ မဟုတ်ဘဲ အကြမ်းဖက်သမား ၁၁ ဦးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီး အဲလိကို့ဝမ်န်က ဇူလိုင် ၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
ပါလက်စတိုင်း စစ်သွေးကြွတွေရဲ့ အမာခံနယ်မြေဖြစ်တဲ့ ဂျန်နင်းန်စခန်းကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးမှာ အရပ်သားတွေ တဦးမှ သေဆုံးမှု မရှိခဲ့တာကို ဂုဏ်ယူ ဝမ်းမြောက်မိကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးက ဂရိမြို့တော် အေသင်ကို ရောက်ရှိချိန်မှာ ပြောကြားခဲ့ပါတယ်။
ဒါကလည်း အစ္စရေးဘက်က အများကြီး ကြိုးပမ်းခဲ့ပြီး ထောက်လှမ်းရေးနဲ့ စစ်ဘက်ဆိုင်ရာ စွမ်းရည်တွေကြောင့် ဖြစ်ကြောင်းနဲ့ အဓိကအားဖြင့် အီရန် ကျောထောက်နောက်ခံပြု အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့ လို့ ခေါ်တဲ့ အကြမ်းဖက်အဖွဲ့တွေကို စစ်ဆင်ရေး လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း သူက ပြောပါတယ်။
ညနှောင်းပိုင်း ဒရုန်းတိုက်ခိုက်မှုတွေနဲ့ စတင်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့ဝင် ၁ ထောင်ကျော် ပါဝင်ခဲ့တဲ့ စစ်ဆင်ရေးမှာ စစ်သွေးကြွ တိုက်ခိုက်ရေးသမားတွေလို့ အများစု အတည်ပြုထားတဲ့ ပါလက်စတိုင်း အနည်းဆုံး ၁၂ ဦး သေဆုံးပြီး ၁၀၀ လောက် ဒဏ်ရာရရှိသွားတယ်လို့ သူက ဆိုပါတယ်။
အီရန်ဟာ ကမ္ဘာတဝန်း အကြမ်းဖက်မှုတွေကို ငွေကြေးထောက်ပံ့တဲ့ ကမ္ဘာ့နံပါတ်တစ် ဖြစ်ကြောင်းနဲ့ အေသင်မြို့မှာ ဖြစ်နိုင်မယ့် အကြမ်းဖက်တိုက်ခိုက်မှုတွေကို တားဆီးဖို့ ဂရိထောက်လှမ်းရေး အေဂျင်စီ နဲ့ လက်တွဲလုပ်ဆောင်နိုင်မယ်လို့ ရှုမြင်ကြောင်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အစ္စရေးစစ်တပ်ဟာ သံသယရှိသူ စစ်သွေးကြွ ၁၅၀ ကို ဖမ်းဆီးခဲ့ပြီး ဗလီအောက်ရှိ လက်နက်တိုက်တခု အပါအဝင် ငွေကြေးတွေ၊ သေနတ်တွေနဲ့ လမ်းဘေးမိုင်းတွေကို သိမ်းဆည်းရမိခဲ့ပြီး ကွပ်ကဲမှုစင်တာ တခုကို ဖျက်ဆီးခဲ့ကြောင်း စစ်တပ်က ပြောကြားခဲ့ပါတယ်။
သေဆုံးသူ ပါလက်စတိုင်း အားလုံးဟာ လက်နက်ကိုင် တိုက်ခိုက်ရေးသမားတွေ ဖြစ်ပြီး အဲဒီထဲမှာ ၈ ဦးဟာ အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့က သူတို့လူတွေလို့ အခိုင်အမာ ပြောထားပြီး တခြား တယောက်ကတော့ ဟားမတ်စ်က သူတို့အဖွဲ့ဝင်ဖြစ်ကြောင်း ပြောထားပါတယ်။
Source-Reuters