လွန်ခဲ့တဲ့လ အနည်းငယ်က အီရတ်မှာ ပျောက်ဆုံးသွားခဲ့တဲ့ အစ္စရေး-ရုရှား ပညာရှင်တဦးကို ရှီးယိုက်အဖွဲ့ ခါတစ်ဘ် ဟဇ်ဘိုလာက ထိန်းသိမ်းထားတယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ ရုံးက ဇူလိုင် ၅ ရက်မှာ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု ပရင်စတန်တက္ကသိုလ်ကိုယ်စား သုတေသန ရည်ရွယ်ချက်အတွက် အီရတ်ကိုသွားခဲ့တဲ့ အမျိုးသမီးရဲ့နာမည်က အဲလိဇဘက် ဆာခါ့ဗ်လို့ အစ္စရေးဝန်ကြီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
သူ့အခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေ မရှိသေးပါဘူး။
အစ္စရေးနိုင်ငံ Channel 13 က ထုတ်လွှင့်တဲ့ ဗီဒီယိုဖိုင်မှာ ဆာခါ့ဗ်ကို ချန်နယ်ရဲ့ အစီအစဉ်တခုမှာ တွေ့ဆုံမေးမြန်းထားခဲ့ဖူးတာကို ပြသခဲ့ပါတယ်။
ဆာခါ့ဗ်ဟာ ရုရှားနိုင်ငံကူးလက်မှတ်နဲ့ အီရတ်နိုင်ငံထဲကို ဝင်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
သူဟာ အသက်ရှင်ဆဲဖြစ်ပြီး သူ့ရဲ့ကံကြမ္မာနဲ့ ကျန်းမာရေးအတွက် အီရတ်မှာ တာဝန်ရှိတယ်လို့ ကျနော်တို့ ရှုမြင်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။
ရုရှားနဲ့ အီရတ် တာဝန်ရှိသူတွေက ချက်ချင်း မှတ်ချက်မပေးသေးပါဘူး။ ဆာခါ့ဗ်ရဲ့မိခင် အီရေနာကတော့ သူ့သမီးနဲ့ လွန်ခဲ့တဲ့နှစ်လက အဆက်အသွယ် ပြတ်တောက်သွားတာလို့ ပြောပါတယ်။
အစ္စရေးနိုင်ငံသားတွေကို ရန်သူနိုင်ငံဖြစ်တဲ့ အီရတ်ဆီ ခရီးမသွားဖို့ တားမြစ်ထားပါတယ်။ ခါတစ်ဘ် ဟဇ်ဘိုလာအဖွဲ့ဟာ ဒီနေရာမှာ အင်အားအကြီးဆုံး အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်အဖွဲ့တွေထဲက တခုပါ။
ဆာခါ့ဗ်ရဲ့ သုတေသနပြုချက်ထဲမှာ ဆီးရီးယား၊ အီရတ်၊ အစ္စရေးနဲ့ ပါလက်စတိုင်းနယ်မြေ တွေထဲက အခွင့်အရေးချိုးဖောက်မှု၊ နိုင်ငံရေးနဲ့ ကသောင်းကနင်းဖြစ်မှုတွေ အကြောင်း ပါဝင်နေတာကို သူ့ရဲ့ LinkedIn စာမျက်နှာက ပြထားပါတယ်။
တွစ်တာ လူမှုကွန်ရက်မှာ နောက်လိုက် အယောက် ၈၀,၀၀၀ ကျော်ရှိပြီး မတ်လမှာ နောက်ဆုံးတွစ်တာတင်ထားပုံရတယ်လို့ ရိုက်တာသတင်းဌာနက အစီရင်ခံထားပါတယ်။
Source-Reuters