မက္ကဆီကိုနိုင်ငံ အနောက်တောင်ပိုင်းရှိ မာဂ်ဒါလီနာ ပီညာ့စ်ကိုမြို့မှာ ဇူလိုင် ၅ ရက် မနက်ပိုင်းက ဘတ်စ်ကားတစီး လျှိုမြောင်ထဲ ထိုးကျသွားလို့ အနည်းဆုံး လူ ၂၉ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ပါတယ်။
မက္ကဆီကိုစီးတီးမှ ဝါဟားကာပြည်နယ်တောင်ပိုင်းကို ဖြတ်သွားတဲ့ ဘတ်စ်ကားဟာ မာဂ်ဒါလီနာ ပီညာ့စ်ကိုမြို့မှာ ယာဉ်မောင်းက ယာဉ်ထိန်းချုပ်မှု လွတ်သွားတယ်လို့ ယူဆရပြီး မနက် ၆ နာရီခွဲလောက်မှာ လျှိုထဲကို ထိုးဆင်းသွားတာလို့ ပြည်နယ် ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
“တကယ်တော့ ဘတ်စ်ကားဟာ စထွက်ခွာပြီးကတည်းက ပွေဘလာနယ်မြေနားမှာ ပျက်သွားပြီး စက်ပြန်နှိုးလို့ မရခဲ့ဘူး” လို့ အသက်ရှင်ကျန်ခဲ့သူ အသက် ၁၉ နှစ်အရွယ် ဒီယေဂို ရူးဝစ်ဇ်က ပြောပါတယ်။
ကားနဲ့ပစ္စည်းတွေ စစ်ကြည့်ပြီးတော့ ကားသမားက ဆက်မောင်းခဲ့တာမှာ လာစီးယာကိုမြို့မှာ နောက်တခါ ထပ်ပျက်ပြီးတော့ ခုလိုဖြစ်ပျက်သွားရပြီး ကားဘရိတ်တွေ အလုပ်မလုပ်ဘူးဆိုတာ သိသာပါတယ်လို့လည်း ဆိုပါတယ်။
“ဒီကားမှာ ခရီးသွားသူအများစုက မက္ကဆီကိုစီးတီးကို ဈေးဝယ်ထွက်ပြီး ဈေးသွားဈေးပြန် အတွက် စီးကြတာဖြစ်လို့ ကားပေါ်ပါလာသူတွေကို အတည်မပြုနိုင်သေးဘူး” လို့ မြို့တော်ဝန် အလ်ဖွှန်းဆို ဇာရာတေးက ပြောပါတယ်။
လူ ၁၄ ဦးကို လာစီးယာကိုမြို့မှာ ဆေးရုံတင်ထားရပြီး တခြား ၅ ဦးကို ပြည်နယ်မြို့တော် ဝါဟားကာစီးတီးကို လေကြောင်းနဲ့ ပို့ဆောင်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
မက္ကဆီကိုမှာ ပြည်နယ်အချင်းချင်း ဘတ်စ်ကား မတော်တဆမှုတွေဟာ ပုံမှန်ဖြစ်ပွားလေ့ ရှိပါတယ်။ ဧပြီလတုန်းက မက္ကဆီကိုနိုင်ငံ အနောက်ပိုင်းရှိ ချောက်ကမ်းပါးပေါ်က ဘတ်စ်ကားတစီး ပြုတ်ကျမှုကြောင့် လူ ၁၈ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။
Source - Reuters