ထိုင်း-မလေးရှားနယ်စပ် ဘူကစ်ကာယူဟီတမ်နယ်မြေထဲမှာ တရားမဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသား ၅ ဦးကို နယ်စပ်လုံခြုံရေး ဆောင်ရွက်နေတဲ့စစ်တပ်က ဖမ်းမိလိုက်တယ်လို့ မလေးရှား အမှတ် ၂ ခြေလျင်တပ်မဌာနချုပ်က ထုတ်ပြန်ပါတယ်။
ဇူလိုင် ၅ ရက် မနက် ၈ နာရီ ၁၅ မိနစ်လောက်မှာ နယ်စပ် ဘူကစ်ကာယူဟီတမ်နယ်မြေထဲက သစ်တောဧရိယာမှာ လုံခြုံရေးတာဝန်ဆောင်ရွက်နေစဥ် အဆိုပါသစ်တောဧရိယာကို ဖြတ်သန်းဖို့ ကြိုးစားနေတဲ့ နိုင်ငံခြားသားတွေကို တွေ့ရှိ စစ်ဆေးရာကနေ ဖမ်းဆီးနိုင်ခဲ့တာပါ။
ဖမ်းဆီးရမိသူတွေကို စစ်ဆေးရာ မြန်မာနိုင်ငံသား အသက် ၂၅ နှစ်ခန့်ကနေ ၄၆ နှစ်ခန့် အကြားရှိ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦးတို့ဖြစ်ပြီး တရားမဝင် နယ်စပ်ဖြတ်သန်းခွင့်၊ အလုပ်လုပ်နေထိုင်ခွင့် စာရွက်စာတမ်း တစုံတရာ မတွေ့ရှိရဘဲ တရားမဝင် တောလမ်းကနေ မလေးရှားနိုင်ငံထဲကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခဲ့တာလို့ ထွက်ဆိုကြပါတယ်။
အဆိုပါ ဖမ်းဆီးရမိခဲ့သူ မြန်မာနိုင်ငံသားတွေနဲ့အတူ မလေးရှားနိုင်ငံသုံး ရင်းဂစ်ငွေ ၇ဝ၁ နဲ့ မိုဘိုင်းဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး မလေးရှားနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ အရေးယူနိုင်ဖို့ ဘူကစ်ကာယူဟီတမ်နယ်မြေ ရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုဖမ်းဆီးရမိတဲ့နေရာက ထိုင်း-မလေးနယ်စပ်နေရာဖြစ်ပြီး တရားမဝင်လမ်းကြောင်း အသုံးပြု နယ်စပ်ဖြတ်ကျော်သူတွေအတွက် ခရီးတထောက်နေရာဖြစ်ကာ မကြာခဏဆိုသလို မြန်မာနိုင်ငံသားတွေနဲ့ တခြားနိုင်ငံခြားသားတွေကို ဖမ်းဆီးရမိခဲ့ပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ ဘူကစ်ကာယူဟီတမ်နယ်မြေထဲမှာ တရားမဝင် မြန်မာနိုင်ငံသား ၃ဝ ဦးနဲ့ ၂ဝ၂၃ ဖေဖော်ဝါရီလထဲမှာ မြန်မာနိုင်ငံသား ၁၉ ဦးတို့ကို ဘူကစ်ကာယူနယ်မြေနဲ့ ကီလမ်တမ်နယ်မြေတို့မှာ မလေးရှား အမှတ် ၂ ခြေလျင်တပ်မက ဖမ်းဆီးရမိခဲ့ပါသေးတယ်။
Source - MDK2IM (မလေးရှားအမှတ် ၂ ခြေလျင်တပ်မ)