တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပိတတ်ကျေးရွာမှာ စစ်ကောင်စီတပ်က ဇူလိုင် ၃ ရက် ည ၇ နာရီလောက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ငါးဖမ်းလှေငယ်နှစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေသခံတဦးက “အဲဒီရက်က လက်နက်ကြီးနဲ့ ခန့်မှန်းချေ ၅ ချက်လောက် ပစ်တယ်။ လှေနှစ်စီး ထိခိုက်ပျက်စီးသွားတယ်။ လူတွေတော့ ထိခိုက်တာမရှိဘူး” လို့ ပြောပါတယ်။
အဆိုပါ လက်နက်ကြီးဟာ ပိတတ်ကျေးရွာအနီးနားက တိုကျေးရွာတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကနေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရမ်းသန်းပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
ပိတတ်ကျေးရွာဟာ အိမ်ခြေ ၁၀၀ ဝန်းကျင်ခန့်ရှိပြီး တံငါရွာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြိတ်ခရိုင်တပ်ရင်း-၁ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက “ဒီလိုဖြစ်ရပ်မျိုးရော ပြောရမယ့် စကားရောက အပ်ကြောင်းထပ်နေပါပြီ။ စစ်ကောင်စီတပ်ကတော့ စည်းကမ်းတွေ စည်းမျဉ်းတွေ ဘာမှမရှိတော့ဘူး။ စိတ်မထင်ရင် မထင်သလို အကြောင်းပြချက် မယ်မယ်ရရ မရှိဘဲ လူနေရပ်ကွက်တွေထဲ လက်နက်ကြီး ပစ်သွင်းတယ်။ ပြည်သူလား လက်နက်ကိုင်လား မခွဲခြားနိုင်တော့ဘူး။ ဒီလိုအဖြစ်များလာတဲ့အခါ လူတွေရဲ့စိတ်ထဲမှာ သာမန် ဖြစ်ရိုးဖြစ်စဉ်လို ထင်လာတတ်တယ်။ တကယ်က သာမန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘူး။ စကစအနေနဲ့ စစ်ရာဇဝတ်မှုကို သာမန် နေ့စဉ်လုပ်ငန်းဆောင်တာလို ထမင်းစားရေေသာက်လို လုပ်ဆောင်လာတာဟာ ပြည်သူတွေအနေနဲ့ အမြဲသတိရှိဖို့လိုတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်ကလည်း ပုလောမြို့နယ်၊ ကျောင်းနိမ့်ကျေးရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံတဦး လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပြန်တာ မရှိပါဘူး။