Home
မြန်မာသတင်း
အရှေ့တီမောအစိုးရက NUG ကို ကျမ်းသစ္စာကျိန်ဆိုပွဲ ဖိတ်သည့်အပေါ်  စစ်ကောင်စီ ကန့်ကွက် 
DVB
·
July 6, 2023
358140620_795105148942846_8074954984184829808_n

အရှေ့တီမောနိုင်ငံ ဝန်ကြီးချုပ်အသစ်နဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးနဲ့ အဖွဲ့ကို တရားဝင် ဖိတ်ကြားတက်ရောက်စေခဲ့တဲ့အပေါ် စစ်ကောင်စီက  အပြင်းအထန် ကန့်ကွက်လိုက်ပါတယ်။

ရန်ကုန်အခြေစိုက် တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံ အဗီလီနိုဖာနန်ဒတ်စ် ဇီမန်နက်စ်ပီရီရာကို စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက ဇူလိုင် ၅ ရက် မနက် ၁၀ နာရီက  နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဖိတ်ခေါ် ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

NUG အစိုးရကိုတရားဝင်ဖိတ်ခေါ်ခဲ့တဲ့ တီမောလက်စ်တေအစိုးရရဲ့ လုပ်ဆောင်ချက်အပေါ် ကန့်ကွက်ကြောင်းနဲ့ ဒီလိုတွေ့ဆုံမှုမျိုး နောင်မှာ မပြုလုပ်ဖို့ တိုက်တွန်းပြောကြားခဲ့ကာ ကန့်ကွက်တဲ့ သတိထောက်လွှာပေးပို့ခဲ့တယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဌာနက ဇူလိုင် ၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ သတိထောက်လွှာထဲမှာ NUG အား တီမောလက်စ်တေအစိုးရက ဖိတ်ကြားခဲ့မှုမှာ မြန်မာနိုင်ငံအတွင်း NUG အဖွဲ့အစည်းမှ ကျူးလွန်ဆောင်ရွက်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အားပေးအားမြှောက်ပြုလုပ်ရာရောက်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာစာချုပ်တွေကို ဖောက်ဖျက်ရာလည်းရောက်ကြောင်းလည်း ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကလည်း အာဏာသိမ်းစစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသလို စစ်ကောင်စီလက်အောက်ခံတပ်တွေဟာလည်း နိုင်ငံတဝန်းမှာ ပြည်သူတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေ နေ့စဉ်ကျူးလွန်နေတာ ဖြစ်ပါတယ်။

ဇူလိုင် ၁ ရက်နေ့က ကျင်းပတဲ့ အရှေ့တီမောနိုင်ငံအစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင် ၂ ရက်နေ့မှာလည်း အရှေ့တီမောနိုင်ငံရဲ့ သမ္မတ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဟိုဆေးရာမို့စ်ဟော်တာ နဲ့တွေ့ဆုံစဉ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကား ပေးအပ်ခဲ့ပါတယ်။

အရှေ့တီမောနိုင်ငံအစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို နိုင်ငံတကာရဲ့ ကိုယ်စားပြု အစိုးရကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ NUG အစိုးရက တက်ခွင့်ရပေမဲ့ အာဏာသိမ်း စစ်ကောင်စီဘက်ကတော့ တက်ရောက်ခွင့်မရတာဟာ နွေဦးတော်လှန်ရေးအတွက် သံတမန်ရေးအောင်မြင်မှုတစ်ခုဖြစ်တယ်လို့ တော်လှန်ရေး အင်အားစုတွေဘက်က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024