Home
မြန်မာသတင်း
ကလိန်အောင်-ကံပေါက် လမ်းပိုင်းပြန်ဖွင့်၊ ကံပေါက်က ပျောက်ဆုံးကလေးငယ်ကို ပြန်မတွေ့သေး 
DVB
·
July 6, 2023
358481499_1300539147505279_2919857878364239771_n
357712067_1300558407503353_5731939274733800469_n

စစ်ကောင်စီတပ်က ဇူလိုင် ၃ ရက်မနက်ကစပြီး ပိတ်ထားတဲ့ ကလိန်အောင်-ကံပေါက်လမ်းပိုင်းကို ဇူလိုင် ၅ ရက်မနက်က ပြန်လည်သွားလာခွင့်ပြုလိုက်ပြီလို့ ကံပေါက်ဒေသခံတွေက ပြောပါတယ်။

“အကုန်ပေးသွားလိုက်ပါပြီ။ ဘေးတွဲတွေရော၊ ကားတွေရော အကုန်သွားလို့ရပါပြီ” လို့ ကံပေါက်ဒေသခံ ကားသမားတဦးက ပြောပါတယ်။

ကံပေါက် ကလိန်အောင်လမ်းပိုင်းမှာ စစ်ကောင်စီတပ်သားတွေ နေရာယူ ဂိတ်ချစစ်ဆေးတာ မရှိတော့ဘဲ ဇူလိုင် ၅ ရက် မနက်မှာ အရပ်ဝတ်လက်နက်ကိုင်တွေပါတဲ့ စစ်ကားတစီးနဲ့ ကင်းလှည့်နေတာတော့ တွေ့ရတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၅ ရက် ညနေမှာ စစ်ကောင်စီတပ်သားတွေ အပြည့်လိုက်ပါလာတဲ့ စစ်ကားငယ် ၃ စီး ကံပေါက်ရွာအတွင်း ရောက်ရှိနေပြီး ညဘက်အထိ ကင်းလှည့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၃ ရက်နဲ့ ၄ ရက်တွေမှာ စစ်ကောင်စီက ကလိန်အောင်-ကံပေါက်လမ်းကို ၂ ရက်ကြာ ပိတ်ခဲ့တာကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ပြီး ဒေသခံတွေ အခက်အခဲဖြစ်ခဲ့ရပါတယ်။

အခုလို လမ်းပိတ်တာတွေ မပြုလုပ်မီ ဇွန် ၂၇ ရက်နဲ့ ဇူလိုင် ၂ ရက်နေ့တွေမှာ မောရဝတီရေတပ်က စစ်ကောင်စီတပ်သားတွေ တပ်ကိုစွန့်ခွာပြီး အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ကြပါတယ်။

ထွက်ပြေးသွားတဲ့ စစ်သားတွေကို ပိတ်ဆို့ဖမ်းဆီးနိုင်ဖို့ ကံပေါက်-ကလိန်အောင်လမ်းပိုင်းကို  ၂ ရက်ကြာ ပိတ်ဆို့ရှာဖွေခဲ့ပေမဲ့ ပြန်လည်မဖမ်းမိတော့ဘဲ လွတ်မြောက်သွားပြီလို့ သိရပါတယ်။

ဇူလိုင် ၄ ရက်နေ့ နေ့လယ်ပိုင်းက တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသ သဲချောင်းကျေးရွာ နေအိမ်ကနေပျောက်ဆုံးသွားတဲ့ အသက် ၃ နှစ်အရွယ် မနဒီရွှေစင်အား ဒီနေ့အထိ ပြန်ရှာမတွေ့သေးဘူးလို့ သိရပါတယ်။

ပျောက်ဆုံးသွားသည့် အသက် ၃ နှစ်အရွယ် မနဒီရွှေစင်

မိခင်ဖြစ်သူ ဒေါ်ဇင်မာသက်ဟာ ဇူလိုင် ၄ ရက် မွန်းတည့်ပိုင်းက နွားသွားကျောင်းပြီး ပြန်လာစဉ် နေအိမ်မှာ ကစားဖို့ထားခဲ့တဲ့ သမီးဖြစ်သူအား ရှာမတွေ့တော့တာကြောင့် အိမ်နီးချင်းတွေကို အကူအညီတောင်းပြီး လိုက်လံရှာဖွေခဲ့တာလို့ သဲချောင်းရွာသားတဦးက ပြောပါတယ်။

"ကလေး အဖေနဲ့အကိုက ရပ်ဝေးမှာပါ။ ကလေးအမေနဲ့ ကလေးက အတူနေတာ အခုပျောက်သွားတော့ တရွာလုံး ဝိုင်းကူရှာပေးနေကြပါတယ်။ အမြန်ဆုံးပြန်တွေ့ဖို့လည်း ဆုတောင်းပေးနေကြပါတယ်။" 

ကလေးစပျောက်တဲ့ ဇူလိုင် ၄ ရက်နဲ့ ၅ ရက် ညနေပိုင်းအထိ သဲချောင်းကျေးရွာပတ်ဝန်းကျင်ရှိ လူနေအိမ်ရပ်ကွက်တွေအပြင် ဥယျာဉ်ခြံတွေနဲ့ချောင်းမြောင်းတွေအထိ လိုက်ရှာနေပေမဲ့ ပျောက်ဆုံးနေတဲ့ ကလေးကို ပြန်မတွေ့သေးဘူးလို့ ဆိုပါတယ်။

ကံပေါက်တိုက်နယ်အတွင်းက ကျေးရွာတွေမှာလည်း ကလေးငယ်အား တွေ့ရှိပါက မိသားစုကို ဆက်သွယ်အကြောင်းကြားပေးဖို့ မိသားစုက အကူအညီတောင်းခံထားပါတယ်။

ကံပေါက်တိုက်နယ်က ကျေးရွာတွေမှာ အရင်က အခုလို ကလေးပျောက်ဆုံးမှုဖြစ်စဉ်မျိုးတွေ မရှိခဲ့ဖူးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024