Home
နိုင်ငံတကာ
နယ်သာလန်တွင် မုန်တိုင်းတိုက်ခတ်ပြီး လူ ၂ ဦးထက်မနည်းသေဆုံး
DVB
·
July 6, 2023
Netherland storm

နယ်သာလန်နိုင်ငံတဝန်း ဇူလိုင် ၅ ရက်က ရှားရှားပါးပါး နွေရာသီမုန်တိုင်း ဝင်ရောက်တိုက်ခတ်တာကြောင့် လူ ၂ ဦးထက်မနည်း သေဆုံးပြီး သန်းနဲ့ချီတဲ့လူတွေကို အိမ်တွင်းမှာသာ နေထိုင်ဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

မြို့တော် အမ်စတာဒမ် အပါအဝင် နော့ဒ်ဟော်လန်ပြည်နယ်မှာ နေထိုင်သူတွေကို နိုင်ငံရဲ့ အမျိုးသားမိုးလေဝသဌာနက အမြင့်ဆုံးအဆင့် အနီရောင် မုန်တိုင်းသတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

ပြည်သူတွေကို နေအိမ်က မထွက်ခွာဖို့နဲ့ အသက်အန္တရာယ်ရှိတဲ့ အခြေအနေတွေအတွက် အရေးပေါ်ဝန်ဆောင်မှုနံပါတ်တွေ ကြိုတင်ရယူထားဖို့ တိုက်တွန်းထားပါတယ်။

အမ်စတာဒမ်မြို့တော်ရဲ့ ကျော်ကြားတဲ့ တူးမြောင်းတွေထဲမှာ လဲကျနေတဲ့ သစ်ပင်တွေက သစ်ကိုင်းတွေ ပိတ်ဆို့နေပြီး မြို့တွင်းက လူဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့ကာ ကားတချို့ ကြေမွသွားခဲ့ပါတယ်။ သစ်ပင်လဲကျလို့ အိမ်လှေ တစင်းထက်မနည်းလည်း ပျက်စီးခဲ့ပါတယ်။

ဟာလန်မြို့မှာ ကားပေါ် သစ်ပင်လဲကျလို့ အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပြီး အမ်စတာဒမ်မှာလည်း သစ်ပင်တွေလဲကျလို့ လူ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံရုပ်သံ AT5 က ပြောပါတယ်။

ဒတ်ခ်ျနယ်စပ်နားက သစ်ပင်တပင် လဲကျမှုကြောင့် လူ ၁ ဦး သေဆုံးခဲ့ပြီး ဂျာမနီအနောက်မြောက်ပိုင်း ဒေသတချို့ကို လေပြင်းတိုက်ခတ်ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ပိုလီလို့ နာမည်ပေးထားတဲ့ ဒီမုန်တိုင်းဟာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ကာ အမ်စတာဒမ် အနောက်ဘက်ကမ်းရိုးတန်းမှာ တနာရီ မိုင် ၉၀ ကျော် (၁၄၆ ကီလိုမီတာ) နှုန်းနဲ့ စံချိန်တင်ခဲ့တာပါ။

မုန်တိုင်းဟာ နယ်သာလန်နိုင်ငံရဲ့ နွေရာသီလတွေအတွင်း အဆိုးရွားဆုံးဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း အပြင်းထန်ဆုံးဖြစ်တယ်လို့ မိုးလေဝသအေဂျင်စီ Weeronline က ပြောကြားခဲ့ပါတယ်။

ဥရောပရဲ့ အကြီးဆုံးနဲ့ အချက်အချာဖြစ်တဲ့ နယ်သာလန်မြို့တော်ရှိ လေဆိပ်မှာ လေကြောင်းခရီးစဉ် ၄၀၀ ကျော်ကို ဖျက်သိမ်းခဲ့ပြီး လေကြောင်းအသွားအလာကို အနည်းဆုံး ဒေသစံတော်ချိန် ညနေ ၄ နာရီ ကန့်သတ်ထားမယ်လို့ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

ရထားခရီးစဉ်တွေလည်း နိုင်ငံရဲ့မြောက်ဘက်က ဝန်ဆောင်မှုအားလုံးကို ရပ်ဆိုင်းထားပြီး သစ်ပင်တွေ လဲကျမှုကြောင့် အမ်စတာဒမ်ရဲ့ မြောက်ဘက်ကားလမ်းကို ပိတ်ထားခဲ့ပါတယ်။

မုန်တိုင်းဟာ နိုင်ငံအရှေ့ဘက်ကနေ မြောက်ဘက်ကို ရွေ့လျားမှာဖြစ်ပြီး မွန်းလွဲပိုင်းအထိ ပိုမိုအားကောင်းလာကာ ဒိန်းမတ်နဲ့ ဂျာမနီနိုင်ငံတို့ကို မဝင်ရောက်ခင် ပိုမိုအားကောင်းလာမယ်လို့ ခန့်မှန်းရပါတယ်။

မုန်တိုင်းတခု ဝင်ရောက်တိုက်ခတ်ပြီးတဲ့နောက် နယ်သာလန် အာဏာပိုင်တွေဟာ ဇူလိုင် ၅ ရက်မှာ ရှင်းလင်းရေးလုပ်ငန်းကို စတင်ခဲ့ပါတယ်။

နယ်သာလန်မှာ ပြင်းထန်တဲ့မုန်တိုင်းတွေဟာ ပုံမှန်အားဖြင့် အောက်တိုဘာလကနေ ဧပြီလအတွင်း ဖြစ်ပွားလေ့ရှိပြီး အပြင်းထန်ဆုံး နွေရာသီမုန်တိုင်းဟာ ၂၀၁၅ မှာ တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။

Source -Sky News/ Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013