ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထ အထက်တန်းကျောင်းကို ပိတ်သိမ်းဖို့ စစ်ကောင်စီက ဖိအားပေး ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကိုယ်ထူကိုယ်ထ ဖွင့်လှစ်သင်ကြားတဲ့ ကျေးရွာအထက်တန်းကျောင်းကို စစ်ကောင်စီက အမျိုးသားညီညွတ်ရေးအစိုးရ ထောက်ပံ့မှုနဲ့ ဖွင့်လှစ်တဲ့ကျောင်းလို့ စွပ်စွဲပိတ်သိမ်းခိုင်းပြီး မပိတ်သိမ်းရင် စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှာ ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။
ဒေသခံအမျိုးသမီးတစ်ဦးက“စစ်တပ်က ပြီးခဲ့တဲ့ ၁ ရက်နေ့မှာ ဟောင်ပါးကျေးရွာ အုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖတွေနဲ့ တွေ့ပြီး ကျောင်းကို ပိတ်သိမ်းခိုင်းတယ်။ ဒီ ကိုယ်ထူကိုယ်ထကျောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ အထောက်အပံ့နဲ့ ဖွင့်တာလို့ စွပ်စွဲပြီး ပိတ်ခိုင်းတာ။ မပိတ်ရင် လေယာဉ်နဲ့ ဗုံးကြဲမယ်လို့ စစ်တပ်က ပြောသွားတယ်”လို့ ပြောပါတယ်။
ဟောင်ပါးကျေးရွာ အထက်တန်းကျောင်းဟာ ကျေးရွာ ကျောင်းသားမိဘတွေက စုပေါင်းကာ ဆရာမတွေ ငှားရမ်းသင်ကြားတဲ့ကျောင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ဖွင့်လှစ်တဲ့ ကျောင်း မဟုတ်ဘူးလို့ ဒေသခံတွေက ဆက်လက်ပြောပါတယ်။
ဟောင်ပါးကျေးရွာ အထက်တန်းကျောင်းမှာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ကျောင်းသူ ကျောင်းသား ၂၀၀ ကျော် တက်ရောက် ပညာသင်ကြားနေပါတယ်။