ရန်ကုန်၊ ဗဟန်းမြို့နယ်မှာရှိတဲ့ ရွှေတိဂုံစေတီတော် စနေထောင့်၊ အောင်ရွှေထီးစေတီအနီးရှိ ကျောင်းသားသပိတ်မှောက်ကျောက်တိုင်ကို စစ်ကောင်စီလက်အောက်ခံ ရွှေတိဂုံဂေါပကအဖွဲ့ လုံခြုံရေးတွေက ဓာတ်ပုံရိုက်ကူးခွင့်နဲ့ ကြည့်ရှုခွင့် ပိတ်ပင်တားမြစ်ထားတယ်လို့ ဘုရားဖူးတွေက ပြောပါတယ်။
အဆိုပါ ကျောင်းသားသပိတ်ကျောက်တိုင်မှာ ၁၉၂၀၊ ဒီဇင်ဘာလ ၃ ရက်နေ့က အင်္ဂလိပ်အစိုးရရဲ့ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်တော်လှန်ဖို့ လျှို့ဝှက်သစ္စာပြုခဲ့ကြတဲ့ ကျောင်းသားကြီး ၁၁ ဦးရဲ့ နာမည်ကို မြန်မာ၊ အင်္ဂလိပ်၊ တခြားဘာသာစကား ၂ မျိုးနဲ့ ရေးထိုးထားတာ ဖြစ်ပါတယ်။
သပိတ်ကျောက်တိုင်ကို ဓာတ်ပုံရိုက်မိတဲ့ လူငယ်အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးကို လုံခြုံရေးယူနီဖောင်းဝတ် ၅ ဦးခန့်နဲ့ အရပ်ဝတ်အမျိုးသားတွေက ဝိုင်းဝန်းပိတ်ဆို့ခဲ့ကြပြီး လက်ကိုင်ဖုန်းထဲက ကျောက်တိုင်ပုံတွေ ဖျက်ပစ်တဲ့အပြင် အနားမလာဖို့နဲ့ အနောက်ကနေ လိုက်လံစောင့်ကြည့်ခံခဲ့ရတယ်လို့ သိရပါတယ်။
မျက်မြင်တွေ့ရှိသူတဦးက “အဲ့ဒီမနက် ၁၀ နာရီခွဲလောက်က ဖြစ်တာပါ။ သူတို့က ကျောက်တိုင်ကို လှည့်ပတ်ကြည့်ပြီး ဖုန်းနဲ့ ဓာတ်ပုံရိုက်လိုက်တာ မြင်လိုက်တယ်။ တခြားနေရာတွေလည်း ရိုက်နေကြတာပါပဲ။ အဲ့ဒါကို လုံခြုံရေးတွေက ဝိုင်းတားကြတာ၊ စနေထောင့်ကိုမှ အနောက်ဘက် နည်းနည်းကျတော့ လူလည်းရှင်းနေတယ်။ ဝိုင်းအုံပြီး ဖုန်းကိုယူပြီး အကုန်ဖျက်နေကြတာ။ ခဏနေတော့ လူတွေဝိုင်းကြည့်လာတော့မှ ပြန်လွှတ်ပေးလိုက်တာ” လို့ ပြောပါတယ်။
ရွှေတိဂုံစေတီတော်ရင်ပြင်ဟာ လွတ်လပ်ရေးမတိုင်ခင်ကာလ၊ ၁၉၈၈ လူထုတော်လှန်ရေးကာလ၊ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းကာလ၊ ၂၀၂၁ နွေဦးတော်လှန်ရေး ကာလတွေမှာ ကျောင်းသားသပိတ်နဲ့ လူထုတော်လှန်ရေးအတွက် မိန့်ခွန်းဟောပြောမှုတွေ၊ သစ္စာပြုပွဲတွေ ပြုလုပ်ခဲ့ဖူးတဲ့နေရာ ဖြစ်ပါတယ်။
ရွှေတိဂုံစေတီတော်ပေါ်မှာ ကင်မရာသယ်ဆောင်ရိုက်ကူးခွင့်ကို တောင်ဘက်မုခ်ရှိ ဂေါပကရုံးမှာ စာတင်နေရတဲ့အပြင် ခွင့်ပြုချက်ရမှ ရိုက်ကူးနိုင်တယ်လို့ သိရပြီး ရွှေတိဂုံရင်ပြင် ဓာတ်ပုံဆရာတွေကတော့ စာတင်စရာမလိုဘူးလို့ သိရပါတယ်။