Home
မြန်မာသတင်း
နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ၏ လှုပ်ရှားမှုများကို အပစ်ရပ်လက်နက်ကိုင်အဖွဲ့များ ထောက်ခံ
DVB
·
July 5, 2023
Sasakawa

နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌရဲ့ လှုပ်ရှားမှုတွေကို ကြိုဆိုထောက်ခံတယ်လို့ အပစ်ရပ်လက်နက်ကိုင် (NCA-S EAO) အဖွဲ့တွေက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဥက္ကဋ္ဌ ဆာဆာကာဝါ ဦးဆောင်တဲ့ နီပွန်ဖောင်ဒေးရှင်းဟာ တိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးအတွက် မြို့သစ်စီမံကိန်းတွေ ထောက်ပံ့တာ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေ ထောက်ပံ့တာအပြင် လူသားချင်းစာနာမှု အကူအညီအဖြစ် သူတို့ရဲ့နယ်မြေတွေမှာ ၂၀၂၂-၂၃ ခုနှစ်က ဆန်အိတ်ရေ ၆၄,၀၀၀ ဖြန့်ဝေပေးခဲ့ပြီး အခုနှစ် ၂၀၂၃-၂၄ အတွက်လည်း ဆက်လက်ဖြန့်ဝေဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အရင်အစိုးရအဆက်ဆက်ကတည်းက တိုင်းရင်းသားနယ်မြေတွေမှာရှိတဲ့ ဒုက္ခသည်စခန်းတွေ၊ စစ်ပြေးစစ်ရှောင်တွေနဲ့ ဒုက္ခသည်တွေကို ကူညီပံ့ပိုးပေးနေတဲ့ ဆာဆာကာဝါနဲ့ သူ့ရဲ့ နီပွန်ဖောင်ဒေးရှင်းကို တက်ကြွလှုပ်ရှားသူလို့ခေါ်တဲ့ ပုဂ္ဂိုလ်တချို့ရဲ့ တိုက်ခိုက်ထိုးနှက်နေတာကိုလည်း NCA-S EAO ၇ ဖွဲ့အနေနဲ့ ကန့်ကွက်ရှုတ်ချတယ်လို့ ဆိုပါတယ်။

ဒီနေ့ထုတ်ပြန်ချက်မှာတော့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA PC)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ ပါဝင်ဖော်ပြထားတာကို တွေ့ရပါတယ်။

ပဋိပက္ခဒဏ်ခံစားနေရတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ အကျိုးအတွက် နီပွန်ဖောင်ဒေးရှင်းနဲ့ ဥက္ကဋ္ဌကြီး ဆာဆာကာဝါကို အပြည့်အဝထောက်ခံပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌကို ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်နိုင်ငံရဲ့ အထူးသံတမန်အဖြစ် ၂၀၁၃ ခုနှစ်ကတည်းက ခန့်အပ်ထားခဲ့တာဖြစ်ပြီး သူ့ရဲ့ လုပ်ပိုင်ခွင့်တွေကိုတော့ အခုအချိန်ထိ ရေရေရာရာ ထုတ်ဖော်ထားတာ မရှိသေးပါဘူး။

သူဟာ စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံတယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပြောဆိုထားခဲ့ပြီး ဇန်နဝါရီလတုန်းကလည်း ထိုင်းအာဏာသိမ်းခေါင်းဆောင် ဝန်ကြီးချုပ် ပရာယွတ်နဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024