Home
မြန်မာသတင်း
ချုံဖော်ခရိုင်တွင် တရားမဝင် မြန်မာနိုင်ငံသား ၁၂ ဦး ဖမ်းဆီးခံရ
DVB
·
July 5, 2023
358117550_798440015156946_8700731343141722358_n

ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင်နဲ့ကပ်လျက် ချုံဖော်ခရိုင်ထဲမှာ တရားမဝင် မြန်မာနိုင်ငံသားတွေ လိုက်ပါစီးနင်းလာတဲ့ ပစ်ကပ်ကားတစီး အစစ်ဆေးမခံဘဲ ထွက်ပြေးရာက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး မီးလောင်သွားခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaosod English မှာ ဖော်ပြပါတယ်။

ဇူလိုင် ၃ ရက်က ချုံဖော်မြို့နားက ထိုင်းအာဏာပိုင်အဖွဲ့စုံ စစ်ဆေးရေးဂိတ်မှာ အရှိန်ပြင်းပြင်း မောင်းနှင်လာတဲ့ ကားတစီးကို စစ်ဆေးဖို့ကြိုးစားရာ အရှိန်ထပ်တင်ကာ မောင်းနှင်ထွက်ပြေးသွားပြီး ဒေသခံတဦးရဲ့ကားကို နောက်ကနေဝင်တိုက်ခဲ့တာပါ။

ကားတိုက်မှုဖြစ်ပွားတဲ့နေရာကို စစ်ဆေးရေးဂိတ် အာဏာပိုင်တွေက သွားရောက် ကယ်ဆယ်ပေးခဲ့ပြီး စစ်ဆေးရာကနေ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၂ ဦးနဲ့အတူ မြန်မာလူမျိုး ယာဉ်မောင်းဖြစ်သူတို့ကို ဖမ်းဆီးရမိခဲ့တာလို့ ဖော်ပြထားပါတယ်။

ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ဆေးရာ ယာဉ်မောင်းဖြစ်သူက အသက် ၂၄ နှစ်အရွယ် ကိုနိုင်ဖြစ်ပြီး သယ်ယူပို့ဆောင်ခအဖြစ် ဘတ် ၁၀,၀၀၀ ရရှိလို့ ပို့ဆောင်ပေးတာဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား ၁၂ ဦးမှာ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၃ ဦးဖြစ်ပြီး တနင်္သာရီတိုင်း မောတောင်-စင်ခွန်ဘက်ကနေ တောလမ်းအတိုင်း ပွဲစားနဲ့ ဝင်ရောက်လာတာလို့ ဆိုပါတယ်။

အဆိုပါဖမ်းဆီးရမိသူ မြန်မာနိုင်သား ယာဉ်မောင်းကို လူမှောင်ခိုမင်္သကာမှုနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူ မြန်မာနိုင်ငံသားတွေကိုတော့ ထိုင်းနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဉပဒေတွေအရ အရေးယူနိုင်ဖို့ ဘန်းဝီစိုင်နူမြို့ ရဲစခန်းကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဇွန်လ ၁ လအတွင်း ထိုင်းနိုင်ငံထဲမှာ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၅၀ ဦးရှိခဲ့ပြီး ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

Source- khasod english

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024