အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်နဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် စစ်ကောင်စီက ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေအတွက် အထူးအယူခံတင်ထားတဲ့အမှုတွေကို ဇူလိုင် ၅ ရက် ဒီကနေ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ကြားနာခဲ့တယ်လို့ တရားရေးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် စစ်ကောင်စီက အာဏာသိမ်းတဲ့နေ့မှာ မတရားဖမ်းဆီးခဲ့ပြီး နောက်ပိုင်းမှာ ပုဒ်မအမျိုးမျိုးတပ်ကာ တရားစွဲအမိန့်ချထားတဲ့အမှုတွေထဲက ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အမှု၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ အမှုတွေကို ဒီနေ့ ကြားနာခဲ့တာဖြစ်ပါတယ်။
ဒီအမှုတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ နှစ်ဖက်ကြားနာခဲ့ပြီး နောက် တလ နှစ်လလောက်မှ အ မိန့်ချမှာဖြစ်တယ်လို့ ဆိုပါတယ်။
တရားရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက “ကျနော်တို့ ဒီဘက်ကတော့ အန်တီနဲ့ သမ္မတကြီးအပေါ် ဒီအမှုတွေနဲ့ပတ်သက်ပြီး တရားစွဲတာ မှားတယ်ပေါ့၊ လွှတ်ပေးသင့်တယ်လို့ လျှောက်လဲချက်ပေးတာပေါ့။ ဟိုဘက်ကတော့ မမှားဘူးပေါ့။ ဒီအမှုတွေကို အထူးအယူခံတင်တာ ပလပ်သင့်တယ်ပေါ့၊ အဲလို လျှောက်လဲချက်ပေးတယ်” လို့ ပြောပါတယ်။
နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမင်းသူတို့ကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲတုန်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာလွှမ်းမိုးခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀-က နဲ့ တရားစွဲကာ အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်စီချမှတ်ထားတာဖြစ်ပါတယ်။
ဒါအပြင် သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနယ်ကိုလည်း မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃-၁(ဂ)နဲ့စွဲဆိုထားတဲ့အမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကို အမှုတွဲအဖြစ်စွပ်စွဲပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပါတယ်။
နိုင်ငံ့ခေါင်းဆောင်တွေနဲ့ပတ်သက်တဲ့ အထူးအယူခံတင်ထားတဲ့ တခြားအမှုတွေကိုလည်း ဇူလိုင် ၁၂ ရက်နဲ့ ၁၈ ရက်တို့မှာ ဆက်လက်ကြားနာသွားမယ်လို့ သိရပါတယ်။
စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စုစုပေါင်းအမှု ၁၉ မှုနဲ့ တရားစွဲဆိုကာ ထောင်ဒဏ်စုစုပေါင်း ၃၃ နှစ် အမိန့်ချပြီးဖြစ်ပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ရှိ သီးသန့်အဆောက်အဦမှာ ထားသလို နိုင်ငံတော်သမ္မတဦး၀င်းမြင့်ကိုလည်း တောင်ငူအကျဉ်းထောင်ကို ပို့ဆောင်ထားပါတယ်။
တောင်ငူအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ ကျန်းမာရေးအခြေအနေ မကောင်းတဲ့အကြောင်းနဲ့ ဆီးပိုက်ထည့်ထားရတယ်ဆိုတဲ့ သတင်းတွေကြောင့် စိုးရိမ်တဲ့အကြောင်း NUG အစိုးရကလည်း ထုတ်ပြန်ထားပါတယ်။