ပြည်တွင်းမှာ စားအုန်းဆီဈေးနှုန်းတွေဟာ တပိဿာကို ကျပ် ၇,၉၀၀ အထိ ဈေးတက်နေပြီး သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးရဲ့ ထက်ဝက်လောက်အထိ ဈေးတက်နေတာလို့ ဈေးကွက်အတွင်းက စုံစမ်းသိရပါတယ်။
ရန်ကုန်မြို့နေ အိမ်ရှင်မတယောက်က “၇,၉၀၀ ဆိုတာ ပြန်ကျလာတာ။ ဇွန်လ ၂၈ ရက်နေ့က ၈,၅၀၀ အထိ ဖြစ်သွားသေးတယ်။ တချို့နေရာတွေဆိုရင် ၉,၀၀၀ လောက်အထိရောင်းတယ်” လို့ ပြောပါတယ်။
တနိုင်ငံလုံးအတိုင်းအတာနဲ့ နေ့စဉ် စားအုန်းဆီလိုအပ်ချက်ဟာ တန်ချိန် ၃၀,၀၀၀ ကျော်လောက်ရှိပေမဲ့ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ စားအုန်းဆီသိုလှောင်ကန်တွေကနေ လိုအပ်ချက်ထက် လျော့နည်းတဲ့ ပမာဏကိုပဲ ထုတ်ပေးနေပါတယ်။
ဒါကြောင့် စားအုန်းဆီပြတ်လပ်မှုရှိလာမှာ စိုးရိမ်တဲ့အတွက် ဆီဈေးတွေ တောက်လျှောက်မြင့်တက်လာရတာ ဖြစ်တယ်လို့ ဆီကုန်သည်တွေက ပြောပါတယ်။
ရန်ကုန်မြို့မှာတော့ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက မြို့နယ်တွေမှာ လှည့်လည်ပြီး စားအုံးဆီ တပိဿာကို ကျပ် ၄,၂၀၀ နဲ့ ရောင်းချပေးနေတာကြောင့် လာရောက်ရောင်းချတဲ့နေရာမှာ တိုးကြိတ် ဝယ်ယူနေကြရပါတယ်။
ဒီလို ဆီဈေးအပြင် ဆန်ဈေးတွေလည်း မြင့်တက်နေပြီး ရွှေဘိုပေါ်ဆန်းတအိတ်ကို ကျပ် ၁၃၀,၀၀၀ ကျော်လောက်အထိ ရောက်ရှိနေတယ်လို့ ဈေးကွက်ထဲက စုံစမ်းသိရှိရပါတယ်။