Home
နိုင်ငံတကာ
နေတိုးအဖွဲ့သို့ ဆွီဒင် ဝင်ရန် ဆန့်ကျင်မှု ရုပ်သိမ်းပေးမည်မဟုတ်ဟု တူရကီသမ္မတ ပြော
DVB
·
July 4, 2023
turkey

အကြမ်းဖက်သမားတွေလို့ ယူဆတဲ့ အုပ်စုတွေကို ဆွီဒင်က ပုန်းခိုခွင့်ပေးထားတာကို မရပ်ပေးဘူးဆိုရင် ဆွီဒင်ကိုလည်း နေတိုးအဖွဲ့ကို ဝင်ဖို့ တူရကီက ဆန့်ကျင်နေတာကို ရုပ်သိမ်းပေးမှာ မဟုတ်ကြောင်း တူရကီသမ္မတ တေယစ်ပ် အာရ်ဒိုဂန်က ဇွန်လ ၃ ရက်မှာ ပြောပါတယ်။ 

တူရကီက အကြမ်းဖက်အဖွဲ့တွေအဖြစ် သဘောထားတဲ့ ကာဒစ္စတန် အလုပ်သမားပါတီ (PKK) ရဲ့ ထောက်ခံသူတွေနဲ့ ၂၀၁၆ ခုနှစ် အာဏာသိမ်း ကြိုးပမ်းမှုအတွက် တာဝန်ရှိတဲ့ အန်ကာရာ ကွန်ရက်အဖွဲ့ဝင်တွေကို ခိုလှုံနေထိုင်ခွင့်ပေးတာကို ရပ်တန့်ဖို့ မျှော်လင့်ထားကြောင်း အာဒိုဂန်က အစိုးရအဖွဲ့ အစည်းအဝေးအပြီး မိန့်ခွန်းမှာ ပြောပါတယ်။

တူရကီက အဲဒီအဖွဲ့ နှစ်ဖွဲ့လုံးကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သဘောထားတာဖြစ်ပြီး ဆွီဒင်အနေနဲ့ အဲဒီနှစ်ဖွဲ့နဲ့ပတ်သက်ပြီး နောက်ထပ် လုပ်ငန်းအဆင့်တွေကို လုပ်ဆောင်ဖို့ လိုအပ်ကြောင်းလည်း ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။ 

ဆွီဒင်ဟာ အန်ကာရာရဲ့ လုံခြုံရေးစိုးရိမ်မှုတွေကို ဖြေရှင်းဖို့ ရည်ရွယ်ပြီး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေသစ်ကို အခုလမှာ ချမှတ်ခြင်း အပါအဝင် မနှစ်က မက်ဒရစ်မှာ တူရကီနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ရဲ့ တစိတ်တပိုင်းကို ထောက်ခံလုပ်ဆောင်ထားတယ်လို့ ဆွီဒင်က ပြောပါတယ်။ 

ဒါပေမဲ့ PKK ပါတီကို ထောက်ခံသူတွေဟာ ဆွီဒင်နိုင်ငံတွင်းမှာ ဆန္ဒပြမှုတွေ ပြုလုပ်နေချိန်မှာ ဆွီဒင်ရဲ့ ဥပဒေပြောင်းလဲမှုက အဓိပ္ပာယ်မရှိဘူးလို့  တူရကီက ပြောပါတယ်။ 

ဆွီဒင်နဲ့ ဖင်လန်တို့က နေတိုးအဖွဲ့ဝင်အဖြစ် မနှစ်က လျှောက်ထားခဲ့တာဖြစ်ပြီး ရုရှားက ယူကရိန်းကို ကျူးကျော်ပြီး နောက်ပိုင်း နေတိုးအဖွဲ့ဟာ စစ်ရေးအရ ဝင်မစွက်ဖက်ဘူး ဆိုတဲ့ ကာလရှည်ကြာ စွဲကိုင်ထားတဲ့ မူဝါဒတွေကို ပယ်ချခဲ့ပါတယ်။ 

အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားမှုတွေကို နေတိုးအဖွဲ့ဝင်အားလုံးမှ အတည်ပြုရမှာ ဖြစ်ပေမဲ့ တူရကီနဲ့ ဟန်ဂေရီတို့ဟာ ဆွီဒင်ရဲ့ ကမ်းလှမ်းချက်အပေါ် သဘောထားကို ရှင်းရှင်းလင်းလင်း မလုပ်ဆောင်ရသေးပါဘူး။

ဆွီဒင်ကို နေတိုးအဖွဲ့ထဲ ဝင်ရောက်နိုင်ဖို့နဲ့ပတ်သက်ပြီး အခုလ လစ်သူယေးနီးယားရဲ့ ဗီးလ်နီးယပ်စ်မြို့တော်မှာ နေတိုးမဟာမိတ်အဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးမတိုင်ခင် ဆွီဒင်နဲ့ တူရကီတို့ဟာ ဘရပ်ဆဲလ်မှာ အဆင့်မြင့် အစည်းအဝေးတရပ်ကို ခေါ်ယူကျင်းပမှာ ဖြစ်ကြောင်း နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် ယန်းစတိုလ်တန်ဘာ့ဂ်က ပြီးခဲ့တဲ့ ဇွန်လက ပြောပါတယ်။ 

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024