အနောက်ဘက်ကမ်းဒေသရဲ့ မြောက်ပိုင်းမှာရှိတဲ့ ဂျက်နင်းမြို့ကို အစ္စရေး တပ်ဖွဲ့ဝင်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ လူ ၈ ဦး ထက်မနည်း သေဆုံးခဲ့တာကို ဆန့်ကျင်တဲ့အနေနဲ့ ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းသားတွေက တာယာတွေကို ဇူလိုင် ၃ ရက်မှာ မီးတင်ရှို့ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ ပါလက်စတိုင်း အလံတွေကို ဝှေ့ယမ်းရင်း အစ္စရေး-ဂါဇာနယ်စပ် ခြံစည်းရိုးနားမှာ မီးရှို့ခဲ့လို့ အနက်ရောင်မီးခိုးတွေ ထွက်လာခဲ့ပါတယ်။
ဒရုန်းနဲ့ တိုက်ခိုက်မှုဟာ နှစ် ၂၀ အတွင်း အကြီးမားဆုံး အနောက်ဘက်ကမ်း စစ်ဆင်ရေးရဲ့ တစိတ်တပိုင်း ဖြစ်ပြီး မွန်းလွဲပိုင်းအထိ ဆက်လက်ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုမှာ တပ်ဖွဲ့ဝင် ရာနှင့်ချီ ပါဝင်ခဲ့ပါတယ်။
မြို့ရဲ့ လူစည်ကားတဲ့ ဒုက္ခသည်စခန်းမှာ အခြေစိုက်တဲ့ စစ်သွေးကြွအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ဂျက်နင်း တပ်မဟာက တိုက်ခိုက်ရေးသမားတွေနဲ့ အစ္စရေးတပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေချိန်မှာ သေနတ်သံတွေနဲ့ ပေါက်ကွဲသံတွေကို ကြားနေရပါတယ်။
မနက်ပိုင်းအချိန်တွေမှာ မောင်းသူမဲ့လေယာဉ် ခြောက်စင်းထက် မနည်းဟာ မြို့နှင့်ကပ်လျက် စတုရန်းကီလိုမီတာဝက်ထက်မနည်းတဲ့ ဒုက္ခသည် အယောက် ၁၄,၀၀၀ လောက် နေထိုင်ရာ ဒုက္ခသည်စခန်းကို လှည့်ပတ်နေခဲ့ပါတယ်။
အဲဒီစခန်းဟာ အနောက်ဘက်ကမ်းတလျှောက် အကြမ်းဖက်မှုတွေ တိုးမြင့်လာတဲ့ အချက်အချာနေရာ ဖြစ်နေလို့ အမေရိကန် အစိုးရက အာရပ်ကမ္ဘာဆီ တပ်လှန့် သတိပေးခဲ့ရပါတယ်။ အခုအချိန်အထိ ဆယ်စုနှစ်တစ်ခုနီးပါး ရပ်တန့်နေတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ လမ်းမပွင့်သေးဘဲ ဖြစ်နေပါတယ်။
Source-Reuters