ရုရှားကြေးစားစစ်တပ် ဝဂ္ဂနာရဲ့ စစ်သည်တွေရဲ့ ဇွန် ၂၄ ရက်က ပုန်ကန်မှုအပြီး ဝဂ္ဂနာကို ဖျက်သိမ်းလိုက်ပြီးတဲ့နောက် ထောက်လှမ်းရေးတွေ အပါအဝင် အစိုးရ အေဂျင်စီတွေနဲ့ ဝန်ကြီးဌာနတွေ အားလုံးက လုပ်သင့်တာတွေ လုပ်နေခဲ့ကြတယ်လို့ ရုရှားအစိုးရက ဇူလိုင် ၃ ရက်မှာ ပြောပါတယ်။
ပုန်ကန်မှုမစခင်တည်းက ရုရှားထောက်လှမ်းရေးအဖွဲ့ ဖြစ်တဲ့ FSB လုံခြုံရေးဌာနက လက်ဦးမှု ဘာကြောင့် မယူခဲ့တာလဲလို့ မေးရာမှာတော့ ရုရှသမ္မတနန်းတော် ပြောခွင့်ရ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က မှတ်ချက်ပေးဖို့ ငြင်းပါတယ်။
လူ့အဖွဲ့အစည်းနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အဲဒီအချိန်က သမ္မတ ဗလာဒီမာပူတင်ရဲ့ နောက်ကွယ်မှာ ဖရိုဖရဲ ဖြစ်ရာကနေ ပြန်ရိုင်းပင်းလာနေတယ်လို့ ပြောခဲ့ပါတယ်။
ပုန်ကန်ပြီးမှ စစ်ပြေငြိမ်းခဲ့တဲ့ ဝဂ္ဂနာ ကြေးစားစစ်တပ်ခေါင်းဆောင်နဲ့ အဖွဲ့ကို ငွေကြေးထောက်ပံ့ဖို့ နိုင်ငံတော်ဘဏ္ဍာငွေတွေကို ဘာလို့သုံးခဲ့တာလဲလို့ မေးမြန်းရာမှာလဲ ပဲ့စ်ကို့ဗ်က မှတ်ချက်ပေးဖို့ ငြင်းခဲ့ပါတယ်။
အရင်လက ဝဂ္ဂနာ ကြေးစားစစ်တပ်က တပ်သားအုပ်စုရဲ့ အကျဉ်းချုံးပုန်ကန်မှုကြောင့် ယူကရိန်းမှာရှိတဲ့ ရုရှရဲ့ အထူးစစ်ဆင်ရေးအပေါ် မသက်ရောက်ခဲ့ဘူးလို့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးလ် ရွှိုင်ဂူက ပြောပါတယ်။ ဒါဟာ တိုတောင်းတဲ့ ပုန်ကန်မှုနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ် မှတ်ချက်ပေးခဲ့တာပါ။
ဝဂ္ဂနာ တိုက်ခိုက်ရေးသမားတွေဟာ ရုရှားတောင်ပိုင်း ရိုစတော့ဗ်အွန်ဒွန် မြို့ကို သိမ်းပိုက်ပြီး ဇွန် ၂၄ ရက်မှာ မော်စကိုမြို့တော်ဆီ ချီတက်လာခဲ့တာပါ။
ဝဂ္ဂနာခေါင်းဆောင် ယက်ဗ်ဂျေညီ ပရီဂေါ့ရှင်က ရွှိင်ဂူနဲ့ စစ်ဦးစီး အရာရှိချိုပ် ဗလေရီ ဂျေရာစီမော့ဗ်တို့ကို ရာထူးကနေ ထုတ်ပယ်ဖို့ တောင်းဆိုခဲ့ပါတယ်။
ရုရှားသမ္မတ နန်းတော်နဲ့ ပရီဂေါ့ရှင်တို့အကြား သဘောတူညီချက်တစ်ရပ်ကို ဘီလာရုသမ္မတ အလက်ဇန်းဒါး လူကာရှန်ကို က ကြားဝင် ဖျန်ဖြေပေးခဲ့ပြီး အကျပ်အတည်း ပြေပျောက် ခဲ့ပါတယ်။
ဒီပုန်ကန်မှုဟာ ရုရှားကို မတည်မငြိမ်ဖြစ်အောင်လုပ်ဖို့ ရည်ရွယ်ပေမယ့် တပ်ဖွဲ့တွေရဲ့ သစ္စာစောင့်သိမှုကြောင့် မအောင်မြင်ဘဲ ယူကရိန်း ရှေ့တန်းက အခြေအနေကို သက်ရောက်မှုမရှိခဲ့ဘူးလို့ ရွှိုင်ဂူက ဝန်ကြီးဌာန အစည်းအဝေးမှာ ပြောပါတယ်.
တပ်တွင်းပုန်ကန်မှုနောက်ပိုင်း လူရှေ့သူရှေ့ကို ပေါ်မလာသေးတဲ့ ဂျေရာစီမော့ဗ်ကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အစည်းအဝေး မှတ်တမ်း ဓာတ်ပုံတွေနဲ့ ဗီဒီယိုမှတ်တမ်းတွေရဲ့ ဘယ်နေရာမှာမှ မတွေ့ရသေးပါဘူး။
Source-Reuters