ကရင်နီပြည်နယ်၊ ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်တွေ ရှိနေတဲ့နေရာကို စစ်ကောင်စီတပ်က ဒီနေ့ ဇူလိုင် ၄ ရက် မနက် ၂ နာရီလောက်မှာ လေကြောင်းကနေဗုံးကြဲလို့ ပြည်သူ ၃ ဦးဒဏ်ရာရပြီး စာသင်ဆောင်အပြင် လူနေတဲအိမ်တွေလည်း ပျက်စီးခဲ့ရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။
“မနက်အစောကြီးလာကြဲတာ၊ မနက်က လကလည်းသာနေလို့ ထင်ပါတယ်၊ ပထမတလုံးက ချက်ချင်းကြဲပြီး ဒုတိယတခေါက်ကျတော့ ပတ်ဝေ့နေပြီးမှ ဆက်တိုက်ကြဲတာ၊ နောက်တခေါက်ကိုလည်း နည်းနည်းကြာမှ ထပ်ကြဲတာ၊ လူထိခိုက်မိတာရှိတယ်၊ အိမ်တွေလည်း ထိတယ်” လို့ စစ်ရှောင်တဦးက ပြောပါတယ်။
ပေါင် ၅၀၀ ဗုံးနှစ်လုံး၊ ပေါင် ၁၀၀ ဗုံးနှစ်လုံးတို့နဲ့ ပတ်ပတ်လည်ကို ဗုံးကြဲခဲ့တာကြောင့် အသက် ၂ နှစ်ကျော်အရွယ် ကလေးငယ်တဦးနဲ့ ကလေးမိဘတို့ လေယာဥ်အစ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး စာသင်ဆောင်တခုနဲ့ တဲအိမ် ၅လုံးပါ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ဗုံးကြဲခံရတဲ့နေရာမှာ စစ်ဘေးရှောင်ပြည်သူ ၄၀၀ ကျော် နေထိုင်နေကြပြီး တဲအိမ်နဲ့ စာသင်ဆောင်တွေပါ ပျက်စီးသွားတာကြောင့် နောက်ထပ်တနေရာကို ရွှေ့ပြောင်းဖို့ ပြင်ဆင်နေကြသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေ၊ စစ်ဘေးရှောင်ပြည်သူတွေ ရှိတဲ့နေရာကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ အထူးဂရုစိုက်ကြဖို့ ကာကွယ်ရေးတပ်တွေက တိုက်တွန်းထားပါတယ်။
ကရင်နီပြည်နယ်မှာ အာဏာသိမ်းပြီးချိန်ကစပြီး ဇွန် ၁ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုပေါင်း ၅၂၇ ကြိမ်ရှိပြီလို့ တိုးတက်သော ကရင်နီပြည်အင်အားစု (PKPF) က ထုတ်ပြန်ထားပါတယ်။