ဇွန်လဟာ ဗြိတိန်မှာ စံချိန်တင် အပူဆုံးလဖြစ်ခဲ့တယ်လို့ ဗြိတိန် အမျိုးသားမိုးလေဝသဌာနက ဇူလိုင် ၃ ရက်က ပြောပါတယ်။
လူသားတွေကြောင့်ဖြစ်တဲ့ ရာသီဥတု ဖောက်ပြန်မှုကြောင့်ခုလို အပူချိန် စံချိန်တင်နိုင်ခြေ ပိုများလာခဲ့တာဖြစ်ပြီး စံချိန်တင် အပူလှိုင်းတွေဟာ ကမ္ဘာတဝန်းမှာ စံနမူနာ ဖြစ်လာ နေတယ်လို့လည်း သိပ္ပံပညာရှင် တွေက ပြောပါတယ်။
ကမ္ဘာကြီးပူနွေးလာမှုကပ်ဘေးရဲ့ အဆိုးဆုံး ဆိုးကျိုးတွေကို ရှောင်ဖို့၊ လိုတာထက်ပိုပြီး အပူချိန် မြင့်တက်မှုကို ဟန့်တားဖို့ ကြိုးပမ်းတာတွေ မလုံလောက်ဘူးလို့လည်း သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။
ဇွန်လရဲ့ ပျမ်းမျှအပူချိန် ၁၅ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်စ်ဟာ နှစ်ပေါင်း ၁၄၀ နီးပါးအတွင်းအမြင့်ဆုံး ဖြစ်ပြီး ၁၉၄၀ နဲ့ ၁၉၇၆ ခုနှစ် တုန်းက သတ်မှတ်ထားတဲ့ အရင်စံချိန် ၁၄ ဒသမ ၉ ဒီဂရီ ဆဲလ်စီးယပ်စ် ကိုကျော်ဖြတ်ခဲ့တာပါ။
မနှစ်က ဗြိတိန်မှာ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကို ပထမဆုံးအကြိမ် ကျော်လွန်ခဲ့ပါတယ်။ လေဆိပ်နဲ့ မီးရထားလမ်းတွေလို အခြေခံအဆောက်အအုံတွေ အနှောင့်အယှက်ဖြစ်ခဲ့သလို တောမီးတွေ လောင်စေခဲ့တဲ့ နေ့စဥ်အတွင်း အပူဆုံးနေ့တွေ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
မိုးလေဝသ ပညာရှင် ကလဲယာ နတ်ဆားက''အပူချိန်၊ အပူပြင်းနှုန်းနဲ့ အချိန်ဘယ်လောက်ကြာကြာ ပူမလဲ ဆိုတာနဲ့ ပတ်သက်ရင် ကျနော်တို့ လမ်းကြောင်းမှားနေတယ်ဆိုတာ ကိန်းဂဏန်းအားလုံးက ညွှန်ပြနေပါတယ်''လို့ ပြောပါတယ်။
ရာသီဥတုပြောင်းလဲမှုရဲ့ အထောက်အထား ဆက်စပ်မှု ဆိုင်ရာ နောက်ဆုံးမှတ်တမ်းကို ဖော်ပြတဲ့ မိုးလေဝသရုံးက သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရ ဇွန်လမှာ ၁၄ ဒသမ ၉ ဆဲလ်စီးယပ်စ် ထက် ပိုပူနိုင်ခြေက ၁၉၄၀ ပြည့်နှစ်ဝန်းကျင် ကတည်းက အနည်းဆုံး နှစ်ဆတိုးလာတာ တွေ့ရတယ်လို့ မိုးလေဝသရုံးက ပြောပါတယ်။
Source-Reuters