ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ် ကျွဲဘိကျေးရွာအနီး ရန်ကုန်-ပြည်ကားလမ်းမှာ ဒိုင်နာကားနဲ့ ကုန်ကားတိုက်မှုဖြစ်ပြီး ၁ ဦးသေဆုံးကာ ကလေးအပါအဝင် ၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
ဇူလိုင် ၃ ရက်နေ့ ည ၉ နာရီခွဲမှာ ရန်ကုန်ဘက်က ပြန်လာတဲ့ ၆ ဘီးကုန်တင်ကားနဲ့ ကြို့ပင်ကောက်မှာ ကုန်သွားချတဲ့ ဒိုင်နားကားတို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာပါ။
ဒိုင်နာကားရဲ့ ယာဉ်မောင်းဖြစ်သူ အသက် ၃၄ နှစ်အရွယ် ကိုသူဟာ ယာဉ်တိုက်မှုဖြစ်စဉ်မှာ ပျောက်ဆုံးသွားလို့ ရှာဖွေရာမှ ည ၁၂ နာရီလောက်မှာ ယာဉ်တိုက်မှုဖြစ်တဲ့ နေရာအနီးက ချောင်းမှာ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
သေဆုံးသွားတဲ့ ယာဉ်မောင်းရဲ့ သားဖြစ်သူ ၆ နှစ်အရွယ် ကလေး ပေါင်ကျိုးခဲ့ပြီး၊ ဒိုင်နာကား ရဲ့ ယာဉ်နောက်လိုက်နဲ့ ကုန်ကားမှ အမျိုးသားတဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
“ဒိုင်နာကားက ကြို့ပင်ကောက်မှ ကုန်ခြောက်တွေလာချတာ အပြန်မှာတိုက်ကြတာပေါ့။ ဒဏ်ရာရတဲ့ သူတွေကို ဆွဲထုတ်ပြီး ဆေးရုံပို့ဖို့အလုပ်မှာ တယောက်ကပျောက်နေတာ၊ ကျနော်တို့လည်း ဆေးရုံပို့တဲ့ သူကပို့၊ ရှာတဲ့သူက ရှာပေါ့။ ည ၁၂ မှ ချောင်းထဲမှာ ပြန်တွေ့တော့ အသက်မရှိတော့ပါဘူး” လို့ ကူညီခဲ့တဲ့ ပရဟိတသမားတဦးက ပြောပါတယ်။
သေဆုံးသူဟာ ဇီးကုန်းမြို့မှာနေထိုင်သူဖြစ်ပြီး ဒဏ်ရာရရှိသူတွေက ပြည်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေပါတယ်။